ကုလ၌ OIC တင်သွင်းခဲ့သည့် ရခိုင်အရေးအဆိုမူကြမ်းကို လိုက်နာရန်မရှိကြောင်း မြန်မာတုံ့ပြန်

ကုလ၌ OIC တင်သွင်းခဲ့သည့် ရခိုင်အရေးအဆိုမူကြမ်းကို လိုက်နာရန်မရှိကြောင်း မြန်မာတုံ့ပြန်

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ။                ။ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ ၌ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းကို လိုက်နာဆောင်ရွက်ရန် မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်က တုံ့ပြန်ပြောဆိုလိုက်သည်။

ယင်းအဆိုမူကြမ်းကို ကုလသမဂ္ဂ၌ မဲခွဲအတည်ပြုခဲ့သော်လည်း လေးစားလိုက်နာလောက်သည့် သြဇာမရှိခြင်း ကြောင့် မြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရန် မရှိဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက မဲခွဲဆုံးဖြတ်အပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေးအရ ဖိအားပေးရန် တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုသည် ပြဿနာကို ဖြေရှင်းခြင်းထက် ပိုမို ဆိုးရွားစေမည်" ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုသည်။

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ)၌ နိုဝင်ဘာ ၁၆ ရက်နေ့တွင်  OIC မှ တင်သွင်းခဲ့သည့် အဆိုမူကြမ်းတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ) မွတ်စလင်များနှင့် အခြားလူနည်းစုအားလုံး၏ အခြေခံအခွင့်အရေးများ မြန်မာအစိုးရမှ ကာကွယ်ပေးရန် တိုက်တွန်းသည့် အချက်များ အဓိကပါ၀င်သည်။

ယင်းအဆိုအား ထောက်ခံခြင်းမရှိဘဲ မဲခွဲဆုံးဖြတ်ရန် မြန်မာနိုင်ငံမှ တောင်းဆိုခဲ့ခြင်းကြောင့် မဲခွဲဆုံးဖြတ်ရာ အဆိုမူကြမ်းအား ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ  ၂၆ မဲ၊ ထောက်ခံမဲ  ၁၃၅ မဲ ၊ မဲပေးခြင်းမရှိသည့် နိုင်ငံ (၂၂) နိုင်ငံဖြင့် အတည်ပြုခဲ့သည်။

မဲခွဲရာ၌ မြန်မာနိုင်ငံအပါအဝင် ရုုရှား၊ ဆီးရီးယား၊ ဇင်ဘာဘွေ၊ တရုုတ်၊ ကမ္ဘောဒီးယား၊ လာအိုု၊ ဖိလစ်ပိုုင်၊ ဗီယက်နမ် တို့မှ ကန့်ကွက်မဲပေးခဲ့ကြပြီး  အာဆီယံနိုင်ငံများထဲမှ အင်ဒိုနီးရှား ၊ မလေးရှား နှင့် ဘရူနိုင်း နိုင်ငံတို့မှာ အဆိုအား ထောက်ခံမဲပေးခဲ့ကြသည်။

ထိုင်းနှင့် စင်ကာပူနိုင်ငံ၊ အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ နှင့် ဂျပန်နိုင်ငံတို့မှ ကြားနေမဲပေးခဲ့ကြ သည်ကို တွေ့မြင်ရသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက  "ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းနှင့် စံများကို အသုံးချပြီး နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာ အပေါ် ထိပါးမှုကို ကန့်ကွက်ကြောင်း၊ မိမိတို့ နိုင်ငံအပေါ် လူသားချင်း စာနာ ထောက်ထားမှု အရေးကိစ္စကို ခုတုံးလုပ်ပြီး နိုင်ငံရေးအရ ဖိအားပေးရန် ကြိုးပမ်းမှုမျိုးကို လုံးဝလက်မခံကြောင်း" မဲခွဲဆုံးဖြတ်အပြီး၌ ပြောဆိုခဲ့သည်။

ယင်းသို့အတည်ပြုထားသည့် အဆိုမူကြမ်းကို လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags