ယုန်တွေရဲ့ နေထိုင်ပုံကို အတုယူပြီး နိုင်ငံသားတွေ ကလေးများများမွေးဖို့ တိုက်တွန်းခဲ့တဲ့ ပိုလန်အစိုးရ ဝေဖန်ခံနေရ

ယုန်တွေရဲ့ နေထိုင်ပုံကို အတုယူပြီး နိုင်ငံသားတွေ ကလေးများများမွေးဖို့ တိုက်တွန်းခဲ့တဲ့ ပိုလန်အစိုးရ ဝေဖန်ခံနေရ

 

နိုဝင်ဘာ ၁၈ ။                 ။ ယုန်တွေရဲ့ ပြုမူနေထိုင်ပုံအတိုင်း အတုယူပြီး နိုင်ငံသားတွေ ကလေးများများ မွေးကြဖို့ တိုက်တွန်းခဲ့တဲ့ ပိုလန်အစိုးရ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်းက ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့အတွက် နိုင်ငံသားတွေအနေနဲ့ ယုန်တွေလိုမျိုး နေထိုင်ပြုမူပြီး ကလေးများများရအောင် လုပ်ကြရမှာ ဖြစ်ကြောင်း တိုက်တွန်းထားတဲ့ ဗီဒီယိုကလစ်တစ်ခုကို ပိုလန်ကျန်းမာရေးဝန်ကြီးဌာနက ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ပိုလန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းကတော့ လက်ရှိအချိန်မှာ အလွန်အမင်း ကျဆင်းနေလျက်ရှိပြီး ဥရောပဒေသတွင်း အနိမ့်ဆုံးနှုန်းထားကို ပိုင်ဆိုင်နေလျက်ရှိပါတယ်။

ယင်း ဗီဒီယိုထဲမှာတော့ ဆလက်ရွက်၊ မုန်လာဥ တို့ကို ၀ါးစားနေတဲ့ ယုန်တွေကို ပြသထားပြီး နောက်ခံစကားပြောသူကတော့ ယုန်တွေ ဘာကြောင့် အကောင်ရေ အများကြီး ပေါက်ပွားနေထိုင်နိုင်ကြလဲ ဆိုတာရဲ့ လျို့ဝှက်ချက်တွေကို  ပြောပြပေးထားပါတယ်။ ၎င်းရဲ့ အဆိုအရ လေ့ကျင့်ခန်းလုပ်မှု၊ ကျန်းမာအောင် စားသောက်မှုနဲ့ စိတ်ဖိစီးမှု နည်းပါးတို့ကြောင့် ယုန်တွေ ယခုလို အကောင်ရေများများနဲ့ စုဖွဲ့နေနိုင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

" ခင်ဗျားတို့ မိဘ ဖြစ်ချင်တယ်ဆိုရင် သူတို့ကို ဥပမာယူရမှာဖြစ်ပါတယ်" လို့ ယင်းဗီဒီယို နောက်ခံစကားပြောသူက ပြောထားပါသေးတယ်။ အဆိုပါ ဗီဒီယိုကလစ်ရိုက်ကူးတင်ဆက်ဖို့အတွက် ပိုလန်အစိုးရအနေနဲ့ ဒေါ်လာ ခုနှစ်သိန်းခွဲနီးပါး ထိ ကုန်ကျထားခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းဗီဒီယိုကို ယခုနှစ်ကုန်အထိ နိုင်ငံမှာ ထုတ်လွင့်ပြသပေးထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသော်ငြား ဝေဖန်သူတွေကတော့ ယင်းဟာ စက်ဆုပ်ဖွယ်ကောင်းပြီး၊ ကလေးကလားနိုင်လှတယ်ဆိုပြီး ပြစ်တင်နေကြပါတယ်။

အစိုးရအနေနဲ့ ယခု ဗီဒီယိုရိုက်ကူးရာမှာ သုံးခဲ့တဲ့ ငွေတွေကို နိုင်ငံတွင်းက စုံတွဲမောင်နှံတွေအတွက် ဖန်ပြွန်အိမ် နည်းနဲ့ သန္ဓေတည်စေတဲ့အပိုင်းမှာ သုံးစွဲတာမှ ပိုကောင်းလိမ့်ဦးမယ်ဆိုပြီး ပိုလန်ကျန်းမာရေးဝန်ကြီးဟောင်းတစ်ဦး ဖြစ်သည့် အီဝါ ကိုပက်ဇ်က ဝေဖန်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၁၇ ကမ္ဘာ့လူဦးရေ အလားအလာခန့်မှန်းချက်အရလည်း ပိုလန်နိုင်ငံရဲ့ လူဦးရေဟာ လက်ရှိ ၃၈ ဒသမ ၂ သန်းကနေ လာမယ့် ၂၀၃၀ မှာ ၃၆ ဒသမ ၆ သန်း၊ ၂၀၅၀ မှာ ၃၂ ဒသမ ၄ သန်းနဲ့ ၂၁၀၀ မှာ ၂၁ ဒသမ ၂ သန်းထိ ဆက်တိုက်ကျဆင်းသွားဖို့ ရှိနေကြောင်း ခန့်မှန်းထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly