ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက အသင်းခေါင်းဆောင် ရာမို့စ်နှင့် တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့အကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ပြီး တင်းမာမှုများရှိကြောင်း ကောလဟလများ ထွက်ပေါ်နေပေမယ့် အဓိက ကစားသမားနှစ်ဦးအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ သောကြာနေ့က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ရီးယဲလ်မက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မိုရာတာ၊ ဂျိန်းရိုဒရီဂွက်ဇ်နှင့် ပီပီတို့ကို လက်လွတ်လိုက်ရတာကြောင့် အသင်းကို ထိခိုက်စေခဲ့ကြောင်း ပြောဆိုခဲ့ပြီးနောက် အခုလို ဇီဒန်းရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုရဲ့ ဝေဖန်ပြောဆိုချက်အပေါ် ရာမိုစ့်က လက်မခံကြောင်း တုံပြန်ပြောဆိုမှုများပြုလုပ်ခဲ့ရာမှတဆင့် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးအက်ကြောင်းများဖြစ်ခဲ့ကာ တင်းမာမှုများရှိခဲ့တယ်လို့ စပိန်သတင်းစာများက ဖော်ပြကြပါတယ်။
“ကောင်းမွန်တဲ့ အရာတစ်ခုကတော့ ကလပ်အသင်းမှာ သမိုင်းကြောင်းတွေကို ဖန်တီးနေတဲ့ ကစားသမား နှစ်ယောက်ကို ကျနော် ပိုင်ဆိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးက ကျနော်တို့ ဘာအတွက် ကစားနေတယ်ဆိုတာကို သိရှိပြီး သူတို့က တစ်ဦးနှင့် တစ်ဦး လေးစားကြပါတယ်။”လို့ ဇီဒန်းက အက်သလက်တီကိုနှင့် ဒါဘီပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ ရီးယဲလ်အသင်းနှင့် ရမှတ်တူ လာလီဂါကို ဦးဆောင်သူ ဘာစီလိုနာရဲ့နောက် ၈ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
“သူတို့ထဲက တစ်ယောက်က အကြောင်းအရာတစ်ခု ပြောဆိုပြီး အခြားတစ်ယောက်ကလည်း နောက်တစ်ခုကို ပြောဆိုနေပါမယ်။ ဒါကို ခင်ဗျာတို့ ပြောဆိုဖို့ ဖြစ်လာပါတယ်။ ကျနော်တို့ကတော့ အတွင်းပိုင်းမှာ သက်တောင့်သက်သာရှိပြီး ကျနော်တို့ဟာ မနက်ဖြန် ကစားပွဲရဲ့ အကြောင်းကိုပဲ တွေးတောစဉ်းစားနေပါတယ်။”လို့ ဇီဒန်းက ပြောပါတယ်။
“ဆာဂျီယိုက အလွန်စမတ်ကျတဲ့ သူပါ။ သူကြိုက်တာ သူပြောဆိုနိုင်ပါတယ်။ ခရစ္စတီယာနိုအတွက်လဲ အလားတူပါပဲ။ သူတို့ဟာ ထက်မြက်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကာလရှည် အတူတကွ ရှိနေပြီး နိုင်ပွဲအများကြီး ရယူခဲ့သူတွေဖြစ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။
လူကာမိုဒရစ်နဲ့ ဒန်နီကာဗာဟယ်တို့ဟာ စနေနေ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်မက် ဒရစ်ဒါဘီမှာ ပါဝင်ကစားဖို့ ကြံံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်တယ်လို့ ဇီဒန်းက ပြောဆိုသွားပါတယ်။
(EFE-EPA)