မကွေးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်ရွေးချယ်နိုင်ရန် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ခြင်းများ စတင်ဆောင်ရွက်

မကွေးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်ရွေးချယ်နိုင်ရန် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ခြင်းများ စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေး ချယ်နိုင်ရန် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ခြင်းများကို နိုဝင်ဘာ ၁၇ ရက်က စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော အဖွဲ့(၉)ဖွဲ့ ဖွဲ့စည်းကာ တစ်ဖွဲ့တွင် ၃ ဦးစီ ပါဝင်ကာ နိဝင်ဘာ ၁၇ ရက်နေ့မှ စတင်ပြီး ရပ်/ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ရေးမှူးငါးဦးကို လိုက်လံဖွဲ့စည်းနေပြီဖြစ် ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

“ ဘယ်နေ့ ဘယ်ရက် အပြီးဆောင်ရွက်ရမယ်လို့ ညွှန်ကြားမထားပါဘူး။ အမြန်ဆုံးပြီးအောင် ဆောင်ရွက်သွား မှာပါ၊ အဲ့ဒါတွေ ပြီးသွားလို့ရှိရင် ရပ်/ကျေးကြီးကြပ်ရေး အဖွဲ့တွေ အားလုံးကို ကျွန်တော်တို့ မြို့နယ်ရုံးမှာ သင်တန်းပေးမှာပါ၊ သင်တန်းပေးပြီးတော့ ရွေးချယ်မှုစနစ်တွေ၊ ဥပဒေ နည်းဥပဒေတွေကို ဆွေးနွေးပို့ချသွားမှာ ဖြစ်ပါတယ်၊ အဲ့ဒါပြီးရင်တော့ ကြီးကြပ်ရေးအဖွဲ့တွေက ရပ်ကွက်အလိုက် ကျေးရွာအုပ်စုအလိုက် စာရင်း ကောက် ပြုစုပြီးတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ စတင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု
ဦးမြင့်လွင်က ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးအုပ်ချုပ်ရေး ဥပဒေ အဟောင်းနှင့်အသစ် ယှဉ်ကြည့်ပါက အသစ်က ပိုပြီးပွင့်လင်းမြင်သာ ကြောင်း၊အဘယ်ကြောင့်ဆိုသော် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ရွေးချယ်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရရှိ၍ဖြစ်ကြောင်း ဦးမြင့်လွင်က ဆိုသည်။

“ အရင်တုန်းက အဲ့လိုမရဘူး။ ဆယ်အိမ်မှူး ရာအိမ်မှူးတွေကဘဲ ရွေးနေတာလေ၊ နောက်ထပ်အားသာ ချက်တွေက အရင်က ရပ်ကွက် ကျေးရွာတွေမှာ ၁၀နှစ်နေမှ၊ အခု ၅ နှစ်နေရုံနဲ့ အုပ်ချုပ်ရေးမှူး လုပ်ခွင့်ရ လာတယ်။ အရင်တုန်းက ပညာအရည်အချင်း သတ်မှတ်ထားတယ် အခုက ပညာအရည်အချင်း မသတ်မှတ်တော့ဘူး။ ပညာမတတ်ပေမယ့် အမှန်တကယ်ရပ်အကျိုး ရွာအကျိုးလုပ်ချင်သူတွေ၊ ပညာမတတ်ပေမယ့် သြဇာအာဏာရှိသူတွေအတွက် အခွင့်အရေးတွေရလာတယ် ပိုပြီးတော့ ပွင့်လင်းမြင်သာ ရွေးချယ်လာနိင်တယ်” ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ပြောသည်။

နိင်ငံတော်မှ တာဝန်ပေးလာလျှင် မိမိတို့မှာ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အဓိက ပြည်သူများ အနေဖြင့် ကိုယ့်ရပ်ကွက် ကျေးရွာ အမှန်တကယ် ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိင်မည့် ပုဂ္ဂိုလ်များအား ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိဘဲ ရွေးချယ်ပေးနိင်ရန် မျှော်လင့်ပါကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တစ်နိင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ပြီး ရွေးချယ်တာဖြစ်တယ်၊ယခင်ထက် စာရင်တော့ နည်းနည်းလေး ထူးခြားလာတယ်၊ အရင်ကဆယ်အိမ်စု တစ်စုမှာ တစ်ဦးဘဲ မဲပေးရတာ၊ အခုဟာက ဆယ်အိမ်စုလုံး မဲပေးရတော့ အဲ့ဒီတစ်ချက်တော့ ကွာလာတယ်၊ အရင်ထက်စာရင် ပွင့်လင်းလာတယ်လို့ ယူဆပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြံပြုထားပါတယ်။ ဆယ်အိမ်စုတွေ တွဲတဲ့နေရာမှာ တဆက်စပ် တည်း ဆယ်အိမ်စု လုပ်ပေးဖို့ ပြောထားပါတယ်၊ ပြည်သူတွေက အဓိကပါ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ် တာ မကျေနပ်လို့ လာပြောရင် တည်မတ်ပေးဖို့ စောင့်ကြည့်နေပါတယ်” ဟု မကွေးမြို့နယ် ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly