စစ်တပ်က အာဏာလွှဲယူထားသည့် ဇင်ဘာဘွေတွင် သမ္မတ မူဂါဘီ လူမြင်ကွင်းရှေ့ ပြန်လည်ပေါ်ထွက်လာ

စစ်တပ်က အာဏာလွှဲယူထားသည့် ဇင်ဘာဘွေတွင် သမ္မတ မူဂါဘီ လူမြင်ကွင်းရှေ့ ပြန်လည်ပေါ်ထွက်လာ

 

နိုဝင်ဘာ ၁၇ ။               ။ ဇင်ဘာဘွေနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း စစ်တပ်က အာဏာလွှဲပြောင်းရယူထားခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ်ကျခံထားရတယ် ဆိုတဲ့ သမ္မတ မူဂါဘီဟာ နိုဝင်ဘာ ၁၇ ရက်က အများပြည်သူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် ပြန်လည်ပေါ်ထွက်လာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံကို နှစ်ပေါင်း ၃၇ နှစ်ထိ အုပ်ချုပ်နေခဲ့သည့် အသက် ၉၃ နှစ်အရွယ် မူဂါဘီမှာ ယင်းနေ့က အပြာရောင် အဝတ်အစား၊ ပိုးဦးထုပ်နဲ့အတူ မြို့တော် ဟာရာရီရှိ တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ရပ်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။

ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကတည်းက စစ်တပ်က အာဏာကို လွှဲပြောင်းရယူထားခဲ့တာဖြစ်ပြီး သမ္မတ မူဂါဘီနဲ့ မိသားစုကို နေအိမ်အကျယ်ချုပ် ချထားလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလအတွင်း ဒုသမ္မတဖြစ်သူ အမ်မာဆင် အမ်နန်ဂါဂွာကို ရာထူးကနေ ထုတ်ပယ်ခံရမှုနဲ့အတူ မူဂါဘီရဲ့ ဇနီးဖြစ်တဲ့ ဂရေ့စ် ခင်ပွန်းသည်ရဲ့ နေရာကို ဆက်ခံမယ့်သူအနေနဲ့   ပေါ်ထွက်လာခဲ့ချိန်ကစလို့ အကွဲအပြဲတွေဖြစ်လာခဲ့ပြီး ယင်းနောက် ယခုသီတင်းပတ်အတွင်းမှာပဲ နိုင်ငံရဲ့ အာဏာကို စစ်ဗိုလ်ချုပ်တွေက လွှဲပြောင်းထိန်းချုပ်ထားလိုက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ မူဂါဘီရဲ့ ဇနီး ဂရေ့စ်ကို ပြင်းထန်စွာ ကန့်ကွက်နေကြပြီး တစ်ဘက်မှာတော့ ထုတ်ပယ်ခံထားရတဲ့ ဒုသမ္မတ အမ်နန်ဂါဂွာကို ထောက်ခံထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်တပ်ဗိုလ်ချုပ်ကြီးတွေက မူဂါဘီနဲ့ တွေ့ဆုံပြီး ရာထူးစွန့်ဖို့ ဖိအားပေးပြောထားခဲ့ပေမယ့် မူဂါဘီကတော့ လက်မခံဘဲ ငြင်းဆန်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိပေါ်ပေါက်နေတဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် ဇင်ဘာဘွေ ပြည်သူတွေကတော့ တော်တော်လေး စိုးရိမ်ပူပန်နေကြတယ်လို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly