မုံရွာတွင် မြေသယ်ရာမှ ရိုက်နှက်မှုဖြစ်ပွားပြီး အပြန်အလှန်အမှုဖွင့်

မုံရွာတွင် မြေသယ်ရာမှ ရိုက်နှက်မှုဖြစ်ပွားပြီး အပြန်အလှန်အမှုဖွင့်

မုံရွာ၊ နိုဝင်ဘာ ၁၇။           ။ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း၊ အုန်းပင်ဆိပ်တွင် မြေသယ်မှုအချင်းများရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် အမှုဖွင့်ထားကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

 နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီအချိန်ခန့်က ချင်းတွင်းမြစ်ကမ်း၊ အုန်းပင်ဆိပ်တွင် မြေသယ်သည့်ကိစ္စ နှင့်ပတ်သက်ပြီး မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြကြောင်း၊ ထို့နောက် ရိုက်နှက်မှုဖြစ်ပွားကာ အပြန်အလှန် အမှုဖွင့်ထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ- မုံရွာမြို့၊ ကွေ့ကြီးရပ်၊ ကမ်းနားလမ်း၊ အုန်းပင်ဆိပ်တွင် မြစ်သဲကျောက်လုပ်ငန်း လုပ်ကိုင်သူ ဇင်မင်းထက်(ခ)မင်းမင်းသည် မျိုးဝင်းနှင့် မြေသယ်သည့်ကိစ္စနှင့်ပတ်သက်၍  စကားများရန်ဖြစ်ရာမှ မျိုးဝင်းက တုတ်နှင့် ရိုက်နှက်သွားကြောင်း၊ ခဏအကြာ မျိုးဝင်း၏ အလုပ်သမား ၂၀ ခန့်မှ ၄င်း၏အစ်ကိုဝမ်းကွဲအား သစ်သားတုတ်များ၊ သံတုတ်များဖြင့်ထပ်မံရိုက်နှက်ခဲ့ကြောင်း ဇင်မင်းထက်(ခ)မင်းမင်းက မျိုးဝင်းအား  အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

မုံရွာမြို့၊ ကွေ့ကြီးရပ်၊ ကမ်းနားလမ်း၊ အုန်းပင်ဆိပ်တွင် ဇော်ခိုင်ဆိုသူသည် ၄င်း၏အလုပ်ရှင်ဖြစ်သူ ဦးမျိုးဝင်းနှင့် အတူ လုပ်ငန်းခွင်အတွင်းဝင်ရောက်ကြည့်ရှု့ခဲ့ကြောင်း၊ ဦးမျိုးဝင်း၏ လုပ်ကွက်ဧရိယာအတွင်း ဇင်မင်းထက် (ခ)မင်းမင်းမှ ယာယီတဲဆောက်လုပ်နေသဖြင့် ဦမျိုးဝင်းက မြေပိုင်ဆိုင်မှုကို ဥပဒေကြောင်းအရ ရှင်းရန် ပြောဆိုခဲ့ရာမှ စကားများခဲ့ကြပြီး ဇင်မင်းထက်(ခ)မင်းမင်းနှင့်အဖွဲ့မှ သစ်သားတုတ်များ၊ သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ဇော်ခိုင်က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

ယင်းသို့ အပြန်အလှန်အမှုဖွင့်တိုင်တန်းမှုများအား မုံရွာမြို့မရဲစခန်း (ပ)၁၀၂၄/၂၀၁၇၊ ရာဇသက်ကြီးပုဒ်မ ၃၂၅/၁၁၄၊ အရလည်းကောင်း၊ (ပ)၁၀၂၅/၂၀၁၇၊ ရာဇသက်ကြီးပုဒ်မ ၄၄၇/၃၂၃ အရလည်းကောင်း အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း မုံရွာမြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly