၂၀၁၇ တွင် ခြေစမ်းပွဲ ၁ ပွဲသာ ကစားထားသည့် မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် မြန်မာယူ-၂၃၊ ယူ-၂၁ တို့ခြေစမ်းမည်

၂၀၁၇ တွင် ခြေစမ်းပွဲ ၁ ပွဲသာ ကစားထားသည့် မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် မြန်မာယူ-၂၃၊ ယူ-၂၁ တို့ခြေစမ်းမည်

နိုဝင်ဘာ ၁၇ ။             ။ မြန်မာ ယူ-၂၃ အသင်း၊ မြန်မာယူ-၂၁ အသင်းများနှင့် မွန်ဂိုလီးယားလက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာယူ-၂၁ အသင်းနှင့် မွန်ဂိုလီးယားအသင်းတို့၏ ခြေစမ်းပွဲစဉ်ကို သုဝဏ္ဏကွင်း၌ နိုဝင်ဘာလ ၂၄ ရက်နေ့၊ ည ၆ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့နောက် နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပထမပွဲစဉ်အချိန်ဇယားအတိုင်း သုဝဏ္ဏကွင်း၌ပင် ယူ-၂၃ အသင်းနှင့် ဆက်လက်ကစားမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ခြေစမ်းပွဲလာရောက်ကစားမည့် မွန်ဂိုလီးယားလက်ရွေးစင်အသင်းမှာ ကမ္ဘာ့အဆင့် ၁၉၇ တွင်ရပ်တည်နေသည့်အသင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းထက် ကမ္ဘာ့အဆင့် ၄၀ ကျော် နိမ့်သည့်အသင်းဖြစ်သည်။

နောက်ဆုံးကစားခဲ့သော AFC SOLIDARITY CUP ပွဲစဉ်များတွင် မွန်ဂိုလီးယားအသင်းသည် သီရိလင်္ကာကို ၂-၀ ဖြင့် အနိုင်ရခဲ့သော်လည်း လာအိုကို ၃-၀ ဂိုး၊ မကာအိုကို ၂-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှထွက်ခဲ့ရသည်။ ထိုပွဲစဉ်များမှာ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းက ကစားခဲ့သည့်ပွဲစဉ်များဖြစ်သည်။

မွန်ဂိုလီးယားအသင်းသည် ၂၀၁၇ ခုနှစ်တွင် ခြေစမ်းပွဲတစ်ပွဲသာ ကစားထားပြီး တရုတ်တိုင်ပေအသင်းကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ မွန်ဂိုလီးယားအသင်းသည် မြန်မာနှင့်နောက်ဆုံးကစားခဲ့သည့် ၃ ပွဲတွင် ၂ ပွဲရှုံးပြီး ၁ ပွဲနိုင်ထားသည်။

မြန်မာယူ-၂၁ အသင်းမှာ ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့်အသင်းဖြစ်ပြီး မြန်မာယူ-၂၃ အသင်းမှာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် M-150 ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်ရန် ပြင်ဆင်မည့်အသင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly