လက်တင်ဂရမ်မီဆုပေးပွဲ၌ Despacito သီချင်းက တစ်နှစ်တာအကောင်းဆုံးသီချင်းဆုဆွတ်ခူး

လက်တင်ဂရမ်မီဆုပေးပွဲ၌ Despacito သီချင်းက တစ်နှစ်တာအကောင်းဆုံးသီချင်းဆုဆွတ်ခူး

 

လာ့စ်ဗီးဂတ်စ်၊ အမေရိကန်၊ နို၀င်ဘာ ၁၇ ။         ။ ပွေတိုရီကိုအဆိုတော်လူဝစ်ဖွန်စီနှင့် ဒယ်ဒီယန်းကီးတို့ အတူတကွသီဆိုထားပြီး အလွန်အောင်မြင်ခဲ့သော ပေါက်သီချင်းဖြစ်သည့် Despacito သည် လာ့စ်ဗီးဂတ်စ်မြို့၌ ကြာသာပတေးနေ့က ကျင်းပခဲ့သာ ၁၈ ကြိမ် မြောက် လက်တင်ဂရမ်မီဂီတဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုအပြင် အခြားဆုများကို ဆွတ်ခူးခဲ့သည်။

ကြည့်ရှုမှုအကြိမ်ရေ ၄.၃ ဘီလျံခန့်ဖြင့် Youtube သမိုင်း၌ လူအကြည့်များဆုံးဖြစ်သော သီချင်းဗီဒီယိုအဖြစ် စံချိန်တင်ထားသော Despacito သည် အမေရိကန် Billboard ၏ အကောင်းဆုံးသီချင်း ၁၀၀ ဇယား၌လည်း ထိပ်ဆုံးနေရာ၌ ၁၆ ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။

ဒါ့အပြင် Despacito သည် အဆိုပါဂီတဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုအပြင် "Record of the Year"၊ Best Urban/Fusion Performance" နှင့် "Best Short Form Music Video" စသည့်ဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

သီချင်း၏အဆိုရှင်ဖြစ်သော လူဝစ်ဖွန်စီက ဆုလက်ခံရယူရန် စင်ပေါ်သို့တက်လာစဉ်တွင် “သိပ်ကိုလှပတဲ့ ညလေးပါပဲ။ အကယ်ဒမီအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ တကယ့်ကိုဝမ်းသာစရာပါပဲ။ ဒီသီချင်းကိုဖန်တီးပြီး ဂီတ ကနေတဆင့် အားလုံးနဲ့ဆက်သွယ်နိုင်တဲ့အတွက် ဂုဏ်ယူရပါတယ်” ဟု ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဒါ့အပြင်သူက Despacito သီချင်းအောင်မြင်မှုရရှိအောင် ၀ုိင်းဝန်းပံ့ပိုးပေးခဲ့ကြသော သူနှင့်တစ်နယ်တည်းသား ဖြစ်သည့် ဒယ်ဒီယန်းကီးနှင့် သီချင်းရေးဆရာ အဲရစ်ကာအန်ဒါတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags