နိုင်ငံရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံထားရသူ ၂၂၁ ဦး ရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်

နိုင်ငံရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံထားရသူ ၂၂၁ ဦး ရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်

ရန်ကုန် နိုဝင်ဘာ ၁၇ ။           ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ဖမ်းဆီး ထိန်း သိမ်းခံထားရသူ ၂၂၁ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီထောက်ပံ့ရေးအဖွဲ့ AAPP ၏ လစဉ်အစီရင်ခံစာနှင့် နိုင်ကျဉ်းစာရင်းထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။

နိုင်ငံရေး လှုပ်ရှားမှုများ ကြောင့် အောက်တိုဘာလအတွင်း နိုင်ငံရေးအကျဉ်းသား စုစု ပေါင်း ၄၅ ဦး အကျဉ်းကျခံနေရပြီး၊ တက်ကြွလှုပ်ရှားသူ ၄၅ ဦး ထောင်တွင်းမှနေ၍ တရားရင်ဆိုင် နေရပြီး ၁၂၇ ဦးသည် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရ သည်ဟု နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အောက်တိုဘာလအတွင်းတွင် ပို့ကုန်၊ သွင်းကုန် အက်ဥပဒေ၊ ပုဒ်မ ၈ ဖြင့် ၂ ဦး၊ မတရားအသင်း အက်ဥပဒေ ၁၇(၁)(၂)ဖြင့် တက်ကြွလှုပ်ရှားသူ တစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တက်ကြွ လှုပ်ရှားသူ ၁ ဦး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် တက်ကြွ လှုပ်ရှားသူ တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။

ကချင်သင်းအုပ်ဆရာ နှစ်ဦးသည် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပို့ကုန်၊ သွင်းကုန် အက်ဥဒေ ပုဒ်မ ၈ ဖြင့် ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရပြီး ထိုထဲမှ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ထပ်တိုးပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ တက် ကြွလှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

အောက်တိုဘာလတွင်းတွင် အစိုးရမှ နိုင်ငံသားများကို ဖိနှိပ်ရန်အတွက် ခေတ်နောက်ကျလျက်ရှိ သော၊ ဖိနှိပ်ထားသောဥပဒေများကို ဆက်လက် အသုံးပြုနေခြင်းသည် ပြည်သူများ၏ အခြေခံ လူ့ အခွင့်အရေးနှင့် လွပ်လပ်ခွင့်များကို ရာဇဝတ်မှု မြောက်စေပြီး နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေ များနှင့်လည်း ဆန့်ကျင်လျက် ရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများမှ နိုင်ငံသားများကို ဆန့်ကျင်လျက်ရှိသော ဖိနှိပ်ထားသည့် ဥပဒေ များကို ရုပ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုလျက်ရိုသော်လည်း အစိုးရမှ ဆောင် ရွက်ပေးခြင်းမရှိသေးကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အာဏာ လွှဲပြောင်းရယူပြီး ကတည်းက နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်နှင့် ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များသို့ လွတ်လပ်စွာ ဝင်ခွင့်စသည်တို့အား ဆက်လက် ဖိနှိပ်ထားလျက်ရှိခြင်းကို အောက်တိုဘာလတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှ ထင်ရှားစွာ တွေ့မြင် နိုင်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly