ကမ္ဘောဒီးယား အဓိက အတိုက်အခံပါတီ ပယ်ဖျက်ခံရ

ကမ္ဘောဒီးယား အဓိက အတိုက်အခံပါတီ ပယ်ဖျက်ခံရ

 

နိုဝင်ဘာ ၁၇ ။          ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်က အဓိကအတိုက်အခံပါတီကို ဖျက်သိမ်းကြောင်းနဲ့ ပါတီဝင် နိုင်ငံရေးသမား ၁၀၀ ကျော်ကိုလည်း နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ကြောင်း တရားလွှတ်တော်ချုပ်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။

ယင်းထုတ်ပြန်ချက် ထွက်ရှိပြီးနောက်ပိုင်း ယခုကိစ္စဟာ နိုင်ငံရေးအရ တွန်းအားပေးခံရလို့ ဖြစ်လာတာဖြစ်သလို တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံရဲ့ဒီမိုကရေစီ သေဆုံးသွားခဲ့ပြီလို့ လူ့အခွင့်အရေးအုပ်စုတွေက အပြစ်ဖို့ခဲ့ကြပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီးဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP  ကို တရားလွှတ်တော်ချုပ်က ပယ်ဖျက်လိုက်တာဖြစ်ပြီး ယင်းပါတီဝင် နိုင်ငံရေးသမား ၁၁၈ ဦးထိကို နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ကြာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ယင်းလုပ်ရပ်ကြောင့် နိုင်ငံဟာ ယခုဆိုရင် တစ်ပါတီစနစ် ဆီကို ရောက်ရှိသွားစေခဲ့ပြီဖြစ်ကြောင်း ဝေဖန်သံတွေထွက်ပေါ်လာပါတယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ CNRP ပါတီဟာ ပြည်ပနိုင်ငံတွေရဲ့ အကူအညီကို ရယူပြီး နိုင်ငံမှာ အစိုးရကို ဖြုတ်ချမယ့် တော်လှန်ရေးတစ်ရပ် ဆင်နွှဲဖို့ ကြိုးပမ်းခဲ့တာကို ဖော်ထုတ်တွေ့ရှိခဲ့ရတယ်ဆိုပြီး တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ပြောပါတယ်။

ယခုလို တရားလွှတ်တော်ချုပ်ရဲ့ ကြေညာချက်ထွက်ရှိပြီးချိန် CNRP ပါတီက ထုတ်ပြန်ရာမှာတော့ ယင်းပါတီအနေနဲ့ ကမ္ဘောဒီးယားပြည်သူ ထက်ဝက်ရဲ့ ထောက်ခံမှုနဲ့အတူ တရားဝင်ပါတီအဖြစ် ဆက်ခံယူထားဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ယခုလို အတိုက်အခံပါတီ ပယ်ဖျက်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်လည်ပြင်ဆင်ဖို့ အမေရိကန်ကလည်း ကမ္ဘောဒီးယားအစိုးရကို တောင်းဆိုသွားခဲ့ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly