ထောင်ဆိုတာ သူ့အတွက် အောင်မြေလို့ဆိုတဲ့ ရဲတိုက်

ထောင်ဆိုတာ သူ့အတွက် အောင်မြေလို့ဆိုတဲ့ ရဲတိုက်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

နိုဝင်ဘာ ၁၇ ။                      ။ ကျွန်တော်က အနုပညာသမားပဲ။ အနုပညာ လုပ်မှာပေါ့လို့ဆိုတဲ့ ရဲတိုက်က ဇာတ်ညွှန်းက တစ်ဝက်ပဲ ပြီးသေးတယ်။ ထောင်ထဲမှာကတော့ တော်တော်များများ အတွေ့အကြံုတွေက ထပ်နေတာ များပါတယ်။ ထောင်ထဲမှာ စာဖတ်တယ်၊ စာရေးတယ်၊ ရုပ်ရှင်ကြည့်တယ်။ ကျွန်တော့ကို ရုပ်ရှင်ကြည့်ခွင့် ပေးထားပါတယ်။လို့ ဒီကနေ့ မနက်မှာ  မဇ္ဈိမနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

မေး။ ။ အနုပညာအလုပ်တွေ ဘယ်တော့ စလုပ်မလဲ။

ဖြေ။ ။ နားလို့ဝရင် ပြန်လုပ်ပါမယ်။ ထောင်ထဲမှာ နေခဲ့တဲ့အချိန်တွေက နားနေတယ်ဆိုပေမယ့်လည်း လုပ်ချင်တာ လုပ်မရဘူးလေ။ လုပ်ချင်တာလေး နှစ်လလောက်လုပ်မယ်။ ဆိုလိုတာက အပျော်ခရီး ထွက်တာမျိုးပေါ့။ ပရိသတ်ကို စိတ်မပူစေချင်ဘူး။ နောက်ထပ် ဒီလိုကိစ္စမျိုးအတွက် ။

 မေး။ ။ ပရိသတ် အားပေးမှုအပေါ် ခံစားချက်။

ဖြေ။ ။ ကျွန်တော် အံ့ဩတယ်ဗျ။ ဘာလို့လည်းဆိုတော့ အချိန်က နည်းမှ မနည်းတာ။ အချိန်က လေးနှစ် ကျော်ဆိုတော့လေ။ မျှော်လင့်ထားတာက နှစ်နှစ်လောက်နေရင် ကျွန်တော့ကို မေ့သွားမယ်ပေါ့။ အစက ကျွန်တော် ဒီအလုပ်ကို မလုပ်တော့ဘဲနဲ့ နောက်ထပ် ဘဝသစ်တစ်ခုကို စဖို့တောင် ရည်စူးထားပါသေးတယ်။ ဒါပေမယ့် ပရိသတ်ရဲ့ အားပေးမှုကြောင့် ကျွန်တော် ပြန်လာခဲ့တာပါ။

မေး။ အဲဒီကာလတွေမှာ ဘာတွေ ဆုံးရှုံးသွားလဲ။

ဖြေ။ ။ ကျွန်တော်က အချိန်ကာလတစ်ခု ဆုံးရှုံးသွားတယ်လို့ မခံစားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခု ဘယ်လို ခြေလှမ်းသွက်သွက် လှမ်းရမလဲဆိုတာ သင်ယူခဲ့ပြီ၊ တတ်မြောက်ခဲ့ပြီ။

 မေး။ ။ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတိုင်း ပါလာမလားလို့ မျှော်နေသူတွေရှိတယ်။ အဲ့တုန်းက ပါမလာခဲ့တဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ဘာမှ မပြောချင်ပါဘူး။ လွတ်ဖို့မျှော်နေတဲ့ အကျဉ်းသားထဲမှာ ကျွန်တော် မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့လွတ်ရက်သည် ဘယ်ရက်လည်းဆိုတာ သိချင်တယ်။ ဒါပေမယ့်လည်း ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ ပိုသိချင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် အပြစ်ဘယ်လောက် လုပ်လိုက်သလဲဆိုတာ ကျွန်တော် ပြန်ခံစားရတယ်။ ကျွန်တော့ဘဝမှာ အပြစ်တွေ အများကြီးတော့ မလုပ်ဖူးပါဘူး။ ဒါပေမယ့်လည်း ထောင်မကျခင် ၂နှစ်၊ ၃နှစ်အတွင်း ကျွန်တော် တော်တော်ဆိုးလိုက်တယ်။ အဲ့ဒီအပြစ်က သေးသေး၊ သေးသေးလေးတွေ စုပြီး ဘယ်လောက်တောင် တာသွားလဲ ကျွန်တော် မသိဘူး။ အဲ့ဒါကို သိချင်လို့စောင့်တာ လေးနှစ်ကျော် ကြာသွားတယ်။

မေး။ ။ NLDကိုဝန်းရံခဲ့တဲ့လူတစ်ယောက်အနေနဲ့  နှင့် ဘာ မှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ ကျွန်တော်က အပြင်လူလေ။ အနုပညာသမားတစ်ယောက် နိုင်ငံရေးအကြောင်းလည်း ဘာမှ မသိပါဘူး။ နိုင်ငံရေးလည်း နားမလည်ဘူး။ ဝါသနာလည်း မပါဘူး။ သို့သော်လည်း ကျွန်တော်သည် ရှမ်းပြည်နယ်ကနေ ပေါ်ထွက်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်။ NLD ပါတီပေါ့။ ကိုယ်ယုံကြည်တဲ့ နိုင်ငံအုပ်ချုပ်မှုလမ်းစဉ် လည်း ဖြစ်တဲ့အတွက် ရှမ်းပြည်အတွက် အနုပညာသမားတစ်ယောက်အနေနဲ့ တစ်ခုခု လုပ်ပေးနိုင်ခဲ့ရင်တော့ ရေရှည်မှာ စိတ်ပိုပြီးတော့ ခုနအစ်ကိုပြောသလို နောင်တဆိုတာ မရနိုင်ဘူး။ လုပ်ပေးနိုင်တုန်း လုပ်ပေးလိုက် တာ။ ကျွန်တော့အတွက် မှန်တယ်ဆိုပြီး လုပ်ပေးလိုက်တာ။ ကျွန်တော် နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။

မေး။ ။ ရှေ့လျှောက်ရော အဲ့လို ဆက်လုပ်ပေးဖို့ရှိလား။

ဖြေ။ ။ မလိုအပ်တော့ဘူး ထင်ပါတယ်။ အဲ့အချိန်တုန်းက လိုအပ်လို့ လုပ်ခဲ့တာပါ။ အခုတော့ လူစွမ်းကောင်းတွေ အများကြီးပဲ။ ကျွန်တော် ထိုင်ပဲ ကြည့််တော့မှာ။

မေး။ ။ ပြင်ပ သတင်းတွေနဲ့ရော အဆက်ပြတ်နေလား။

ဖြေ။ ။ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ကျွန်တော် ဂျာနယ်၊ သတင်း ပြန်ကြည့်တယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့အတွက် စိတ်ဒုက္ခရောက်စေပါတယ်။ ကိုယ်ဘာမှ မလုပ်ပေးနိုင်တဲ့အချိန်၊ ဘာမှလည်း မတတ်နိုင်တဲ့ အချိန်မှာ သတင်းကောင်းဖတ်ရတာက ကိစ္စမရှိဘူး။ သတင်းဆိုးတွေပေါ့နော်၊ ဥပမာ ရခိုင်ပြည်နယ်လို ကိစ္စဟာမျိုးတွေကျရင် ကျွန်တော့စိတ်က အရမ်း Emotional ဖြစ်တော့ အဲ့ဒါကိုလည်း မာကျောသွားအောင် အားထုတ်ဖို့ မဆုံးဖြတ်ထားဘူး။ အဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို သနားတယ်။ အဲ့အတွက် သတင်း နားမထောင်ပါဘူး။ သတင်းဆိုးဆိုရင် ပိုပြီးတော့ နားမထောင်ပါဘူး။ ဂျာနယ် မဖတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်လကမှ အနုပညာနဲ့ပတ်သက်တဲ့သတင်းတွေ ပြန်ဖတ်ပါတယ်။ နိုင်ငံရေးသတင်းတော့ မဖတ်ဖြစ်တော့ပါဘူး။

မေး။ ။ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ရော ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်ခင်ဗျ။ ကျွန်တော် အလုပ်ချင်ဆုံးက အဲ့ဒါပါပဲ။ လမ်းပေါ်က ကလေးတွေရယ်၊ အခုလောလောဆယ် လူငယ်တွေ ပျက်စီးနေတဲ့ ပြဿနာ အဲ့ဒါတွေ တတ်နိုင်သမျှ ပံ့ပိုးပေးချင်ပါတယ်။

လက်ရှိအချိန်က ကျန်းမာရေးက 100% Good ဆိုတဲ့ ရဲတိုက်က ဒီကနေ့ ထောင်က လွတ်တဲ့အချိန်မှာ ကဗျာတစ်ပုဒ်ရွတ်ခဲ့ပါသေးတယ်။

ထောင်ထဲမှာ ရေးခဲ့တဲ့ ကဗျာ

……………….

မင်းရဲ့ သံတိုင်တွေဆိုတာ

မသိ နားမလည်ခြင်းတွေလို့

ငါ့အတွက်တော့ မရှိပါဘူး။

မင်းရဲ့ အုတ်နံရံတွေဟာ

ဘေးဘက်ကိုပဲ ကာရံထားဖို့

ငါ့ကောင်းကင်အတွက် မရှိပါဘူး။

အဲ့တော့ မင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ

ငါနေချင်သလိုနေတော့ မင်းငါ့ကို မုန်းပြီပေါ့။

မမုန်းပါနဲ့ကွာ

ထောင်ဆိုတာ… ငါသတ်မှတ်လိုက်တဲ့ အောင်မြေပါ။

သရုပ်ဆောင်ရဲတိုက်ကို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးကနေပြီး မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)အရ ဧပြီလ ရ ရက်နေ့က အလုပ် ကြမ်းနဲ့ ထောင်ဒဏ် အမိန့်ချမှတ်ခဲ့ပြီးနောက်  ဒီကနေ့မှာတော့ ပြစ်ဒဏ်စေ့လို့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly