သမ္မတအားရာထူးမှဆင်းပေးရန် ဂွာတီမာလာပြည်သူများ ချီတက်ဆန္ဒပြ၍တောင်းဆို

သမ္မတအားရာထူးမှဆင်းပေးရန် ဂွာတီမာလာပြည်သူများ ချီတက်ဆန္ဒပြ၍တောင်းဆို

 

ဂွာတီမာလာစီးတီး၊ နို၀င်ဘာ ၁၇ ။             ။ ဂွာတီမာလာသမ္မတဂျင်မီမိုရာလက်စ်နှင့် လွှတ်တော်အတွင်းမှ အမတ်သုံးပုံနှစ်ပုံခန့်အား ရာထူးမှနှုတ်ထွက် သွားပေးရန် ထောင်ပေါင်းများစွာသော   ပြည်သူများက နိုင်ငံ၏မြို့တော်ဖြစ်သော ဂွာတီမာလာစီးတီး၌ ကြာသာပတေးနေ့က ချီတက်ဆန္ဒပြ၍ တောင်းဆိုခဲ့ကြသည်။

အဆိုပါငြိမ်းချမ်းစွာချီတက်ဆန္ဒပြပွဲ၌ ပါ၀င်ခဲ့ကြသူများမှာ ဂွာတီမာလာနိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းပေါင်းစုံမှ ဖြစ်ပြီး ကောလိပ်ကျောင်းသားများနှင့် သူတို့၏ပါမောက္ခများအပါအဝင် အလုပ်သမားရေးလှုပ်ရှားသူများ၊ ဒေသခံတိုင်းရင်းသား တောင်သူလယ်သမားများ ပါ၀င်ခဲ့ကြသည်။

ချီတက်ဆန္ဒပြသူများသည် နဖူးစီးစာတန်းများ၊ အောင်လံတံခွန်များကိုကိုင်ဆောင်ပြီး သမ္မတမိုရာလက်စ်နှင့် လွှတ်တော်တွင်းရှိထိုင်ခုံနေရာ ၁၅၈ ခုံ၌ နေရာယူထားသော အမတ်ပေါင်း ၁၁၂ဦးခန့်အား “ ငါတို့စီက ခွင့်လွှတ် မှုကို မင်းတို့တောင်းခံရမယ်။ မင်းတို့ခိုးယူထားတာတွေ ပြန်ပေးကြပါ” ဟု တစ်နိုင်ငံလုံးကိုယ်စား တောင်းဆိုခဲ့ ကြသည်။

ဒါ့အပြင် ဆန္ဒပြပွဲ၏နောက်ကွယ်၌ရှိနေသော အဖွဲ့အစည်းများက ပြည်သူပိုင်ဆိုင်သောအရင်းအမြစ်များကို ပြည်သူများအတွက် အကျိုးရှိရှိအသုံးချနိုင်ရန် နိုင်ငံရေးစနစ်ပိုမိုပြောင်းလဲဖို့အလိုရှိနေကြသည်။

ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေကြသော အချက်များထဲ၌ နိုင်ငံရေးစည်းရုံးပွဲ၌ ငွေကြေးအသုံးပြုပုံနည်းလမ်း အသစ်များကို ပြောင်းလဲအသုံးပြုရန်၊ ပါတီအားလုံးအနေဖြင့် မီဒီယာများကို လွတ်လပ်စွာအသုံးပြုနိုင်ခွင့်နှင့် အခြားအချက်များ ပါ၀င်သည်။

“ပိုမိုးတရားမျှတပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့အတွက် ကျနော်တို့တောင်းဆိုနေတာဖြစ်ပါတယ်” ဟု အယ်လ်ဗာရာဒိုက ပြောခဲ့သည်။

ပြီးခဲ့သောစက်တင်ဘာလက ကုလသမဂ္ဂမှထောက်ပံ့ထားသော ဂွာတီမာလာ၌ ပြစ်ဒဏ်မခတ်ခံရမှုအား ဆန့်ကျင်သော နိုင်ငံတကာကော်မရှင်အဖွဲ့ ( CICIG) အဖွဲ့သည် မိုရာလက်စ်အား ၂၀၁၅ ခုနှစ်က သူ၏မဲဆွယ် စည်းရုံးပွဲအတွက် ရန်ပုံငွေများကိုတရားမဝင်သုံးစွဲခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး သမ္မတအားတရားစွဲဆိုဖို့ ပြစ်ဒဏ် မခတ်ခံရမှုအား ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့သည်။ ယင်းကိစ္စမှာ ယခုလို ပြည်သူများဆန္ဒပြရခြင်း၏ အကြောင်းကိစ္စတစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly