ယူကရိန်းတွင် တိုက်ပွဲများကြောင့် ၁၀ ဦးသေဆုံး ကျယ်ပြန့်သည့် တိုက်ခိုက်မှု များဖြစ်လာမည်ကို စိုးရိမ်နေရ

ယူကရိန်းတွင် တိုက်ပွဲများကြောင့် ၁၀ ဦးသေဆုံး ကျယ်ပြန့်သည့် တိုက်ခိုက်မှု များဖြစ်လာမည်ကို စိုးရိမ်နေရ

ယူကရိန်းသည် ထိုးစစ်အသစ်တစ်ခုအတွက် ပြင်ဆင်လျက်ရှိနိုင်သည်ဟု ရုရှက သတိပေးစဉ် ယူကရိန်းအရှေ့ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ၁၀ ဦး သေဆုံးခဲ့မှုအပေါ် စိုးရိမ်ထိတ် လန့်ကြောင်း အီးယူနှင့် ကုလသမဂ္ဂတို့က ထုတ်ဖော် ပြောကြားသည်။ တိုက်ခိုက်မှုများကြောင့် တစ်နေ့တည်းအတွင်း သေဆုံးမှုအရေအတွက်မှာ တစ်လအတွင်း အမြင့်ဆုံး ဖြစ်သည်။

ဟောင်းနွမ်း စုတ်ပြတ်နေပြီဖြစ်သော ဖေဖော်ဝါရီ စစ်ရပ်စဲမှု သဘောတူညီချက်ကို အဆုံးသတ် ပစ်ရန် ပြင်းထန်သော တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြောင်း အစိုးရတပ်ဖွဲ့များနှင့် မော်စကိုလို လားသော သူပုန်များက အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

"ကျွန်တော်တို့ ဒီလိုတိုက်ခိုက်မှု အရှိန်မြင့် လာတာကို အပြင်းအထန် ရှုတ်ချပါတယ်။ တိုက်ခိုက်မှုရပ်စဲဖို့နဲ့ အပစ်ရပ်စဲမှု သဘောတူညီချက်ကို လိုက်နာဖို့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုပါတယ်" ဟု ဥရောပကော်မရှင် ပြောခွင့်ရအမျိုးသမီး ကက်သရင်းရေးက ဘရပ်ဆဲမြို့တွင် ဂျာနယ်လစ်များကို ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှု ရုတ်တရက် မြင့်မားလာမှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေး ဆက်လက်ချိုးဖောက်နေ မှုနှင့် လူ့အသက်များ ဆုံးရှုံးနေမှုတို့မှာ လက်ခံနိုင်စရာမရှိဟုလည်း ၎င်းက ပြောသည်။

သူပုန်များထံသို့ နယ်စပ်ကိုဖြတ်ကျော်ကာ လက်နက်နှင့် တပ်ဖွဲ့ဝင်များ ပို့နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက ရုရှကို စွပ်စွဲနေစဉ် ရုရှကလည်း ယူကရိန်းသည် တိုက်ခိုက်မှု အသစ်ပြုလုပ် ရန်ပြင်ဆင်လျက် ရှိနိုင်သည်ဟု သတိပေးခဲ့သည်။

"နောက်ထပ် စစ်ရေးတိုက်ခိုက်မှုအတွက် ပြင်ဆင်မှုပြုလုပ်နေတာနဲ့ အလွန်ဆင်တဲ့ မကြာသေး မီက ဖြစ်ပျက်မှုလမ်းကြောင်းတွေကြောင့် ကျွန်တော်တို့ စိုးရိမ်ပါတယ် " ဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ပြောသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် အစိုးရထိန်းချုပ်ထားသော မာရီယူ ပိုလ်ဆိပ်ကမ်းမြို့မှ ခြောက်မိုင်ဝေးသော ရှီရိုကိုင်းရွာတွင် လှုပ်ရှားမှုများ အရှိန်မြင့်နေသည်ဟု လက်ဗ်ရော့က စွပ်စွဲခဲ့သည်။

သို့သော်လည်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သူပုန်များနှင့် သူုပုန်တို့အား ထောက် ခံသည့် ရုရှကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ တိုက်ခိုက်မှုအခြေအနေ မြင့်မားလာမှုကို ရပ်တန့်ရေး ချက်ချင်းအရေးယူ ဆောင်ရွက်ရန် ယူကရိန်းက ရုရှကို တောင်းဆိုသည်ဟု နိုင်ငံခြား ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဇုန်တွင် အရပ်သား ၅ ဦးသေဆုံးကြောင်း သူပုန်တပ်မှူးတစ်ဦးက ပြောကြားစဉ် ယူကရိန်း အရာရှိများကလည်း အရပ်သားသုံးဦးနှင့် စစ်သားနှစ်ဦး သေဆုံးကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly