သံတုတ်ကိုင်ခဲ့ခြင်းမှာ ခရီးသည်က ရန်ပြုမည်ထင်သောကြောင့်ဟု အထုတ်ခံရသော ယာဉ်မောင်း ပြောဆို

သံတုတ်ကိုင်ခဲ့ခြင်းမှာ ခရီးသည်က ရန်ပြုမည်ထင်သောကြောင့်ဟု အထုတ်ခံရသော ယာဉ်မောင်း ပြောဆို

ရန်ကုန်၊နိုဝင်ဘာ၁၆ ။            ။ ခရီးသည်နှင့် စကားများရာတွင် သံတုတ်ကိုင်ခဲ့ခြင်းမှာ ခရီးသည်က ရန်ပြုမည်ထင်သောကြောင့် ဖြစ်သည်ဟု ရာသက်ပန်ထုတ်ပယ်ခံရသော ယာဉ်မောင်း ကိုသန်းထိုက်က ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်က လှိုင်သာယာသို့ ပြေးဆွဲသော YBS ၂၃ ကားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကား ဘဲလ်မှာ တစ်ခါတစ်ရံ မမြည်တတ်ဘဲ ရှိတက်သဖြင့် မှတ်တိုင်တွင် ဆင်းမည်ဆိုပါက ကြိုပြောခိုင်းထား သော်လည်း ကြိုမပြောသဖြင့် မှတ်တိုင်ကျော်ရာမှ အစပြုကာ ပြသနာဖြစ်ပွားခဲ့သည်ဟု သိရသည်။

"အဲဒါနဲ့ ခရီးသည်ကကျွန်တော့်ကို မရဘူးပေါ့နော် ။ ဒီမှာပဲရပ်ပေးဆိုပြီးတော့ ဆဲပြီး ဒီမှာပဲရပ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း တံခါးဖွင့်ပေးလိုက်တယ်။ သူက ကျွန်တော့်ဆီကို   ပြေးတော့မပြေးဘူး။ ခပ်သွက်သွက်လာပါတယ် ရန်ပြုမယ့်ပုံနဲ့လာတာ အဲဒါနဲ့ကျွန်တော်လည်းကားနောက်က အင်ဂျင်ဖုန်းက သံပိုက်နဲ့ ဆင်းပြီးတော့ အဝမှာ စကားတစ်ယောက်တစ်ခွန်းများပြီးတော့ပေါ့"ဟု ယာဉ်မောင်းကိုသန်းထိုက်က ၄င်း၏ဖြစ်စဉ်ကို ပြောပြသည်။

၎င်းအနေနဲ့ ယခင် ယာဉ်မောင်းလာသည့်သက်တမ်းတစ်လျောက် ယခုကဲ့သို့အဖြစ်ပျက်မျိုး မကြံုဖူးကြောင်း ဆိုသည်။

ထို့ကိစ္စရပ်အပေါ် YBS စီအီးအို ဥိးစောဘိုဘိုထံ တင်ပြခဲ့ပြီးနောက် သံတုတ်ကိုင်ကာ ခရီးသည်ဖြင့် စကားများခဲ့သည့် YBS၂၃(အပေါ်လမ်း)ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကို ရာသက်ပန်ထုတ်ပယ်လိုက်ပြီး ယာဉ်ကိုပါ ရာသက်ပန်ထုတ်ပယ်ရန် YBS စီအီးအို ဦးစောဘိုဘိုက ညွှန်ကြားထားကြောင်း သိရသည်။

"အဲဒီ တင်ပြမှုအပေါ်မှာ စီအီးအိုကလည်း ကျွန်တော့်ကိုလက်ရှိကားရောလူရော ယာဉ်လိုင်းကနေပြီး ထုတ်ပယ်ဖို့အတွက်ကို သူကနေပြီးတော့မှ နှုတ်ဖြင့်ညွှန်ကြားလိုက်တဲ့အပေါ်မှာ ကျွန်တော် ဆက်လက် ဆောင်ရွက်နေပါတယ်။ သူတို့ဘက်က စာနှင့်တကွအရေးယူတဲ့အပေါ်မှာလည်း ဆက်လက်ပြီးတော့ ကျေနပ်စွာနဲ့ လက်ခံပြီး သွားမယ်လို့ ပြောကြားချင်ပါတယ်"ဟု GYCTကုမ္ပဏီ၏ YBS၂၃(အပေါ်လမ်း)ကို တာဝန်ယူလုပ်ကိုင်နေသည့် မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းလွင်က ပြောသည်။

ယာဉ်လိုင်းပုံရိပ်နှင့် ခရီးသွားပြည်သူများအတွက် ယခုကဲ့သို့ ယာဉ်မောင်းကိုအရေးယူ ထုတ်ပယ်ခဲ့သော်လည်း ယာဉ်လိုင်းအတွင်း ကိုသန်းထိုက်သည် ယာဉ်မောင်းကောင်းဖြစ်ခဲ့သည်ကို စစ်ဆေးတွေ့ခဲ့ရသည်ဟု ဦးသန်းလွင်က ပြောသည်။

"'ဒီယာဉ်မောင်းခြင်းနဲ့ ပတ်သတ်တဲ့ တခြားသော လုပ်ဆောင်ချက်မျိုးမှာ ကျွန်တော်သူ့ကို စားဝတ်နေရေး ပြေလည်အောင် ကျွန်တော့်ဘက်က တာဝန်ယူပြီးတော့ ကူညီဆောင်ရွက်ပေးသွားမှာပါ" ဟု YBS၂၃ကို တာဝန်ယူထားသည့် ဦးသန်းလွင်က ဆိုသည်။

YBS၂၃သည် လှိုင်သာယာ အပေါ်လမ်းနှင့် အောက်လမ်း ဟု နှစ်လမ်းရှိကာ ယခုဖြစ်စဉ်ပါကားမှာ သခင်မြ ပန်းခြံ၊ ဘုရင့်နောင်စျေး၊ ပေါက်တောဝ၊ ကြိုးတံတား၊ မီးခွက်စျေးသို့ ပြေးဆွဲနေသည့် အပေါ်လမ်းကား ဖြစ်သည်။

ယခုကဲ့သို့ ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်ခံရခြင်းအပေါ် မိသားစု(၄)ယောက်ရှိသည့် ကိုသန်းထိုက်က "အခက်အခဲရှိတာဆိုတာ ပြောရမယ်ဆို ဖခင်တစ်ယောက်အနေနဲ့ တစ်ယောက်တည်းလုပ်ရတော့ နောက်က မိသားစုက အရွယ်တွေဘာတွေမရောက်သေးတော့ စားဝတ်နေရေးခဏလောက်တော့ အဆင်မပြေဖြစ်မှာ ပေါ့"ဟု ၄င်း၏ အခက်အခဲကို ပြောသည်။

အဆိုပါယာဉ်လိုင်းတွင် ကိုရီးယားနိုင်ငံထုတ် ဟွန်ဒေးကားအစီးရေ ၄၄ စီး ရှိပြီး တစ်နေ့လျှင်အနည်းဆုံး ၃၅ စီး ဖြင့် ပြေးဆွဲနေသည်။

YBS စတင်သည့် ၂၀၁၇ ဇန်နဝါရီ ၁၆ရက်နေ့မှ ယခု(၁၁)လတာအထိ တိုင်ကြားမှုပေါင်း(၄၅၀၀)ရှိခဲ့ပြီး ၄င်းတို့ ထဲမှ (၂၀)ရာခိုင်နူန်းအပေါ် အရေးယူဖြေရှင်းပေးခဲ့ကြောင်း Yangon Bus Report ၏ ထုတ်ပြန်ချက်အရ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags