UEHRD လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ် အခြေအနေပြောကြားချက်

UEHRD လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ် အခြေအနေပြောကြားချက်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး UEHRD ၏ Information and Communications ဒါရိုက်တာဦးကျော်မြိုင်ကို Mizzima Media Group ၏ အယ်ဒီတာချုပ်ဦးစိုးမြင့်က တွေ့ဆုံမေးမြန်းထားပါသည်။

"အောင်မြင်အောင်လုပ်ရမှာပေါ့၊ အောင်မြင်လို့ရှိရင် ဒီ Modeling (ပုံစံ)ကို Conflict ဖြစ်တဲ့ တခြားပြည်နယ်တွေ တိုင်းတွေမှာ Replicate (ပုံစံတူ) လုပ်လို့ရတယ်၊ အတုယူပြီးတော့ လုပ်လို့ရတယ်။ ဒီပြဿနာ အေးသွားတယ်ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အာရုံစိုက်ပြီးတော့ လူကြီးတွေက ပိုလုပ်လို့ရတယ်..."

"UEHRD ကပြည်ထောင်စုအဆင့်နဲ့ ချီပြီးတော့လုပ်တဲ့ လုပ်ငန်းရပ်ကြီးပေါ့။ ဒီဟာကြီး အောင်မြင်သွားလို့ရှိရင် ကျွန်တော်တို့က ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး  ဖြစ်ဖို့အတွက်ကလည်း ပိုပြီးတော့ လမ်းကနီးလာပြီ။ ငြိမ်းချမ်းရေးကိုကျွန်တော်တို့ အာရုံစိုက်ပြီးတော့လုပ်နိုင်မယ်။ ဒါကြောင့်မို့ ဒီနေရာမှာ ကျွန်တော်တို့က ရှုံးလို့ကိုမရတော့ဘူး၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ သန္နိဌာန်နဲ့ ပြည်သူတွေနဲ့ အစိုးရနဲ့ တပ်မတော်နဲ့ တစ်သားတည်း ကြိုးစားဖို့လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်..."

MIZZIMA - ဆရာ မင်္ဂလာပါဆရာ။

UKM - မင်္ဂလာပါ။

MIZZIMA - UEHRD မြန်မာလိုဆိုရင်တော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းပေါ့။ အဲဒီ UEHRD ဘယ်လိုဖြစ်လာတယ်၊ ဘာကြောင့်ဖွဲ့စည်းခဲ့ရတယ်၊ ဘာရည်ရွယ်ချက်တွေရှိတယ် ဆိုတာကို ပြောပြပါလား။

UKM - အဲဒါကိုပြောရမယ်ဆိုရင်တော့ UEHRD ထဲမှာ နောက်ဆုံးက R ကတော့ ရခိုင်ပေါ့။ D ကတော့ Development ပေါ့။ အဲ့တော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ရှိခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် နောက်ပိုင်းဖြစ်လာတာက သြဂုတ်လ ၂၅ ရက်နေ့မှာ တို်က်ခို်က်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တပ်ကလည်းသွားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ရတယ်။ လုပ်တဲ့အခါမှာ လုပ်တဲ့အပေါ်မှာ မူတည်ပြီးတော့ တစ်ဖက်နိုင်ငံကို အစုလိုက်အပြံုလိုက် ထွက်သွားကြတယ်။ ထွက်သွားပြီးတဲ့ အခါကျတော့ နိုင်ငံတကာကပေါ့နော် အမျိုးမျိုးစွပ်စွဲကြတယ်၊ အပြစ်တင်ကြတယ်။ အဲလိုမျိုး အပြစ်တင်စွပ်စွဲတဲ့အထဲမှာ ဘာတွေပါလာလဲဆိုတော့ တကယ့်ကို လူတစ်ယောက်ကပဲဖြစ်ဖြစ်၊ အစိုးရ တစ်ခုကပဲဖြစ်ဖြစ် ပြောမယ်ဆိုရင် စဉ်းစဉ်းစားစားပြောရမယ့်စကားလုံးတွေ လူမျိုးပြုန်းသတ်တယ် ဆိုတဲ့စကားလုံးတွေပေါ့။ အဲလိုတွေသုံးလာကြတယ်။ နောက်ပြီးတော့ မြန်မာ့တပ်မတော်အနေနဲ့ မုဒိမ်းကျင့်တယ်၊ ရွာတွေမီးရှို့တယ်၊ လူ့အခွင့်အရေးနဲ့ပတ်သက်တာတွေ ချိုးဖောက်တယ် စသဖြင့်ပေါ့နော်။ ဒါတွေကို လွယ်လွယ်ကူကူ တွင်တွင်ကျယ်ကျယ် လျောက်ပြီးတော့ ပြောကြတယ်ပေါ့နော်။ တစ်ယောက်ကပြောလိုက် နောက်တစ်ယောက်ကနေ တဆင့်စကား တဆင့်ကြားပြီးတော့ ဒီလိုတွေ ပြောလာတဲ့အခါ၊ ဒီလိုတွေများလာတဲ့အခါကျတော့ ဒီပြဿနာကို သမာရိုးကျ ဖြေရှင်းလို့တော့မရတော့ဘူး။ ဘယ်လိုဖြေရှင်းရမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ ပြောရမယ်ဆိုရင် ယန္တရားအသစ်တစ်ခုလိုတယ်။ ဝန်ကြီးဌာနတွေအားလုံးပေါင်းပြီးတော့ လုပ်လို့မရဘူး။ ကုမ္ပဏီတွေအားလုံး ပေါင်းပြီးတော့ လုပ်လို့လည်းမရဘူး။ ဥပမာ- စီးပွားရေးကဏ္ဍမှာဆို P to P ဆိုတာရှိပါတယ်။ Private Public Partnership - PPP နဲ့လည်းမရဘူး။ သူနဲ့လည်း မရပါဘူး။ သူက မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတစ်ရပ်လုံးကလည်း ပါဝင်ရမယ်။ စီးပွားရေးသမားတွေကလည်း ပါဝင်ရမယ်။ နောက်ပြီးတော့ အခါတိုင်း ကျွန်တော်တို့အကူအညီယူနေကျ ကုလသမဂ္ဂလက်အောက်မှာရှိတဲ့ အေဂျင်စီတွေ ဥပမာဆိုရင် UNDP ၊ UNICEF ၊ UNHCR စသဖြင့် အဲ့လိုအေဂျင်စီတွေကလည်း အကူအညီယူရမယ်။ အဲလို အကူအညီယူတဲ့အခါမှာ UEHRD ရဲ့လုပ်ငန်းကြီးသုံးရပ်ဖြစ်တဲ့ ပထမတစ်ချက်ကတော့ လူသားချင်းစာနာစွာ အကူအညီပေးရေးပေါ့။ နောက်တစ်ခုက ပြန်လည်နေရာချထားရေး၊ ပြန်လည်နေရာချထားရေးဆိုတာက ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး၊ ပြီးတဲ့အခါကျတော့ Development ပေါ့။ သူကတော့ အများသိတဲ့အတိုင်းပဲ နေ့ချင်းညချင်း လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ ရေရှည်လုပ်ရမယ့်လုပ်ငန်းပေါ့။ ရေတိုလုပ်ငန်းရှိတယ်၊ ရေရှည်လုပ်ငန်းရှိတယ် စသည်ဖြင့်ပေါ့။ အဲဒါတွေကို လုပ်ဖို့အတွက် လိုအပ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေးဦးကော်မတီကို ဖွဲ့လိုက်ပါတယ်။ အဲဒီအထဲမှာ သူက ဥက္ကဋ္ဌဖြစ်တယ်။ ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုဝန်ကြီးပေ့ါ။ ပြီးတော့ ဒေါက်တာအောင်ထွန်းသက်၊ ပြီးတော့ကျွန်တော်ပါ။ ကျွန်တော်ကတော့ ဘယ်လိုတာဝန် ပေးထားလဲဆိုတော့ Information and Communications ဒါရိုက်တာ။ အမှန်အားဖြင့် ပြောရမယ်ဆိုရင် ဒေါက်တာအောင်ထွန်းသက်ကတော့ ကုမ္ပဏီတစ်ခုမှာ CEO သဘောမျိုးပေါ့။ ဒါပေမယ့် ဒါကကုမ္ပဏီ မဟုတ်တဲ့အတွက်ကြောင့် CEO လည်းမဟုတ်ဘူး။ ဒီလုပ်ငန်းကြီးတစ်ခုလုံးကို ရည်ရွယ်ချက်တွေ ပြည့်ပြည့်ဝဝ အောင်မြင်အောင်လုပ်ဖို့ သူ့မှာတာဝန်ရှိပါတယ်။ အဲ့တော့ အခုလည်း အင်တိုက်အားတိုက် စလုပ်နေပါတယ်။

 

MIZZIMA - အဓိကရည်ရွယ်ချက်တွေထဲမှာ လူသားချင်းစာနာထောက်ပံ့မှုတွေ ပေးဖို့ ၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆိုတော့ ဘယ်သူတွေနဲ့ လက်တွဲပြီးတော့ အဓိကထားပြီးတော့ လုပ်သွားမယ်လို့ ပြင်ဆင်နေလဲခင်ဗျ။

UKM - ဟုတ်ကဲ့၊ အဲဒီဟာက Resources ကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ UEHRD က ဘယ်လိုလဲဆိုတော့ Institutional Resources ပေါ့။ Institution ကြီးတစ်ခု။ ပြီးတဲ့အခါကျတော့ Human Resources ကတော့ ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောတဲ့အထဲမှာ မြန်မာပြည်သူပြည်သားတွေအားလုံး ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူပြည်သားတွေ နိုင်ငံခြားမှာနေတဲ့ ပြည်ထောင်စု သားသမီးတွေပေါ့နော်၊ သူကတော့ ပြည်ထောင်စုကို အလေးထားပြီးတော့ ပြောတယ်။ နောက်ပြီးတော့ မြန်မာပြည်ပေါ်မှာ စေတနာ၊ မေတ္တာရှိတဲ့ နိုင်ငံခြားသားတွေလည်း ပါတယ်။ အဲဒါနဲ့ ပါတဲ့အတွက်ကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီမှာ အလှူခံတဲ့ကိစ္စတွေလည်း ပြောမယ်ဆိုရင် ပွဲတွေလည်း ပြီးသွားပါပြီ။ ပိုက်ဆံတွေလည်း အများကြီးရထားတယ်။ နောက်ပြီးတော့ ဘဏ်စာရင်းတွေလည်း ဖွင့်ထားတယ်။ ဘဏ်စာရင်းတွေလည်း ဘယ်မှာထည့်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ Website မှာ အတိအလင်း ကြေညာထားပါတယ်။ ပြီးတဲ့အခါကျတော့ လူမှုဝန်ထမ်းဝန်ကြီးဌာနမှာဆိုရင်လည်း လှူချင်လို့ရှိရင် ဘယ်လိုလှူရမယ်ဆိုတဲ့ Guide Lines တွေကို မြန်မာလိုတင်ပြထားတာ ရှိပါတယ်။ ဥပမာ- ဆိုပါစို့ မိသားစု တစ်စု ဆိုလို့ရှိရင် ခြင်ထောင်၊ အစားသောက် အိုးခွက်ပန်းကန် စသည်ဖြင့်ပေါ့နော်။ နမူနာလေးတွေ တင်ထားပေးပါတယ်။ အဲ့တော့ ပြန်ပြီးတော့ ခြံုပြောရမယ်ဆိုရင်တော့ ပြည်တွင်းပြည်ပ၊ UN အေဂျင်စီ၊ နောက်ပြီးတော့ AGD တို့လို ကမ္ဘာ့ဘဏ်တို့လို ဒီအဖွဲ့အစည်းတွေလည်း ပါတယ်။ နောက်ပြီးတော့ အဓိကအထဲမှာ ဘာပါလဲဆိုတော့ UNHCR ကလည်း ပါတယ်။ UNCICEF တို့ World Food Program တို့ အကုန်လုံးပါပါတယ်။ ဒါပေမယ့် တစ်ခုပဲရှိတာက သူတို့က ဒီလိုကူညီပေးတဲ့အခါမှာ သူတို့ဝန်ထမ်းတွေက ကုလသမဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း Code of Conduct အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

 

MIZZIMA - ခုနက ဆရာပြောတဲ့အထဲမှာ Private Sector ပေါ့။ ပုဂ္ဂလိက လုပ်ငန်းပေါ့။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ ဒီဟာကို စဖွဲ့လိုက်တဲ့အခါ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ မမှားဘူးဆိုရင် ဒေါ်လာ ၁၃ သန်းလောက်နဲ့ ညီမျှတဲ့ မြန်မာငွေတွေ လှူခဲ့တယ်ပေါ့နော်။ ဆိုတော့ အခုလတ်တလောမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ သူတို့က UEHRD ကို ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နေလဲ ဘာတွေလုပ်ဆောင်နေလဲခင်ဗျ။

UKM - အဲဒါကကျွန်တော်တို့ ပွဲဦးထွက် ဘယ်လိုစလိုက်လဲဆိုတော့ UEHRD ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ဒေါက်တာအောင်ထွန်းသက်က UMCFFI ရုံးချုပ်မှာ သူအစည်းအဝေးခေါ်ပါတယ်။ အဲဒီအစည်းအဝေးကလည်း UNFCCI ရဲ့ ဥက္ကဋ္ဌတို့ ဘာတို့က ကမကထလုပ်ပြီးတော့ လုပ်ပေးတာပါ။ သူတို့ရုံးမှာပဲ။ အဲဒီမှာကနဦး Task Forces ကြီး ၉ ခုဖွဲ့့ပါတယ်။ အဲ့ဒီထဲမှာ ကျွန်တော့် Task Forces လည်းပါပါတယ်။ ကျွန်တော်ကကျွန်တော့် Task Forces ထဲမှာ ခေါင်းဆောင်ရမယ်ဆိုပြီးတော့ တာဝန်ပေးပါတယ်။ ပေးတဲ့အခါကျတော့ အဓိက,ကတော့ တစ်ဖက်နိုင်ငံကို တိမ်းရှောင်သွားတဲ့ လူတွေ ပြန်လာဖို့ဆိုတာက ဆောက်လုပ်ရေးက တော်တော်ကိုအရေးကြီးတယ်။ ဆောက်လုပ်ရေးမှာ နှစ်ပိုင်းပေါ့နော်။ အိမ်တွေဆောက်ဖို့ကိစ္စရယ် လမ်းတွေ နောက်ပြီးတော့ ကျောင်းတွေဘာတွေ အခြေခံအဆောက်အအုံပိုင်းပေါ့။ ဆောက်ဖို့ကိစ္စတွေ ပါတဲ့အတွက်ကြောင့် အဲဒီမှာသက်ဆိုင်ရာ ခေါင်းဆောင်တွေ ရွေးပြီးတော့ပေါ့နော် သူတို့ဆိုရင် စပြီးတော့ လုပ်နေပါပြီ...

MIZZIMA - အဲဒါက ရခိုင် မောင်တောမှာပေါ့ ?

UKM - ဟုတ်ပါတယ်။ အဲဒီဒေသမှာပါ။ စလုပ်နေပြီဆိုတော့ ဘယ်ကစလဲဆိုတော့ ရခိုင်မှာကျန်ခဲ့တဲ့ တိုင်းရင်းသားတွေပေါ့ .. မြိုတို့၊ သက်တို့ နဲ့ဟိန္ဒူတွေအတွက်ပေါ့။ သူတို့အတွက်ကို စပြီးတော့ လုပ်ပေးပါတယ်။ အခု အိမ်တွေဘာတွေဆောက်တယ်။ သတင်းစာတွေထဲမှာလဲ ဓာတ်ပုံတွေဘာတွေ ပါပါတယ်။ အဲဒါတွေက လုပ်နေပါပြီ။ ဒါပေမယ့် အဲဒါတွေတင် မပြီးသေးဘူးခင်ဗျ။ အရင်တုန်းကဆိုရင် ခေတ်အဆက်ဆက်က အစိုးရတွေ လုပ်ခဲ့တဲ့အပေါ်မှာ နိုင်ငံတကာက ဘယ်လိုပြောကြလဲဆိုတော့ မွတ်စလင်တွေ နေတဲ့နေရာတွေက သန့်ရှင်းမှုလည်းမရှိဘူး၊ ရေတွေဘာတွေလည်း ကောင်းကောင်းမရဘူး၊ အပြင်လည်းထွက်လို့မရဘူး၊ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီဘူးဆိုပြီးတော့ အမျိုးမျိုး ပြောကြတယ်။ အဲလိုမျိုး ပြောခဲ့တာတွေ စွပ်စွဲချက်တွေ ရှိခဲ့တဲ့အတွက်ကြောင့် အခုရှေ့လျှောက် လုပ်မယ့်လုပ်ငန်းတွေကျတော့ ဒီဟာတွေ စွပ်စွဲချက်တွေ ဖြေလျော့တဲ့အနေနဲ့ အိမ်ဆိုရင်လည်း ပိုပြီးတော့ ကောင်းကောင်းမွန်မွန်ဖြစ်ရမယ်။ လမ်းဆိုရင်လည်း ကောင်းရမယ်။ ရေတွင်း၊ ကျောင်း၊ စသည်ဖြင့် အကုန်လုံးပြည့်ပြည့်စုံစုံ လုပ်ပေးဖို့ အစိုးရကလည်း စေတနာရှိပါတယ်။

 

MIZZIMA - နောက်တစ်ခုက ဆရာပြောတဲ့ထဲမှာလည်း တစ်ခုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ပြီးတော့ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံခြားသံရုံးတွေ ပေါ့နော်။ သူတို့ကရော UEHRD အပေါ်မှာ ဘယ်လိုမျိုး တုန့်ပြန်လဲ၊ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေလဲခင်ဗျ။

UKM - ဟုတ်ကဲ့။ အခုအဲဒီဟာက ဘယ်လိုလဲဆိုတော့ ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌက ဒေါက်တာဝင်းမြတ်အေးပါ။ အဲ့တော့ ဒေါက်တာဝင်းမြတ်အေးက သူ့ဝန်ကြီးဌာနက ဒါ တိုက်ရိုက်ဆိုင်နေတော့ သူ့ဆီကိုပဲ ဦးတည်ပြီးတော့ သွားနေကြပါတယ်။ အဲဒါကလည်း သတင်းစာထဲမှာလည်း ပါပါတယ်။ သံရုံးတွေက သွားတွေ့ကြတယ်။ နောက်ပြီးတော့ လှူချင်တဲ့ အလှူရှင်တွေ သွားတွေ့ကြတယ်။ ပြည်တွင်းမှာ လှူတဲ့လူတွေလည်း လှူကြပါတယ်။ အဲဒါကို ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် အရှိန်ကတော့ တဖြည်းဖြည်း မြင့်လာတာပေါ့နော်။ ပိုပိုပြီးတော့များလာတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပြည်သူကိုသိအောင် နောက်ပြီးတော့ ပြန်ကြားရေးလုပ်ငန်း လုပ်တဲ့နေရာမှာ အားမရသေးပါဘူး။ ဒီထက်ပိုပြီးတော့ လုပ်ဖို့လိုပါတယ်။

 

MIZZIMA - အခုလှူတာအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေက လှူတာအပြင် ဘယ်လိုမျိုး သူတို့ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ထင်လဲဆရာ။

UKM - အဲဒါကတော့ သမာရိုးကျ ပြောရမယ်ဆိုရင် အဓိက Development ကို ကြည့်မယ်ဆိုရင် United Nation Development Program ကျွန်တော်လည်း အဲဒီမှာ ၁၆ နှစ်လောက် လုပ်ခဲ့ပါတယ်။ ဒီကရုံးမှာလည်း ၄ နှစ်လောက်လုပ်ခဲ့တယ် Program Officer အနေနဲ့။ အဲ့တော့ သူတို့က မြန်မာပြည် တစ်နိုင်ငံလုံးအတွက်ကို Development Program  ရှိပါတယ်။ အဲလိုရှိပြီးတော့ လေးနှစ်တစ်ခါ သူတို့ Country Program လုပ်ရတယ်။ အဲလို လုပ်ရတဲ့အခါကျရင် ဒီလေးနှစ်ကို ဘယ်လောက် လျာထားမယ် ဆိုပြီးတော့။ ဒါက ပုံမှန်လုပ်နေတဲ့ကိစ္စ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်လာတဲ့ကိစ္စကျတော့ အရေးပေါ်။ အရေးပေါ်ဖြစ်လာတဲ့အခါကျတော့ UNDP မှာလုပ်တဲ့ အကြီးအကဲပေါ့ ။သူက ဌာနေပုဂ္ဂိုလ်လည်းဖြစ်တယ်။ ကျန်တဲ့အေဂျင်စီတွေကို Coordinate လုပ်ပြီးတော့ ညှိညှိနှိုင်းနှိုင်း နဲ့ ဘယ်လိုစီမံကိန်းချပြီးတော့ လုပ်ရမယ်ဆိုတာက သူတို့လုပ်မှာပါ။

 

MIZZIMA - မြန်မာပြည်ထဲက ပြည်သူတွေကတော့ လှူလို့ရတယ်။ ဟိုတလောကဆိုရင် လူငယ်တွေပေါ့နော်။ ဝိုင်းပြီးကူညီဖို့ လူငယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီးတော့လည်းတွေ့ပါတယ်။ ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကရော ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်လို့ရသလဲ ဘာတွေလုပ်လို့ရသလဲ။

UKM - အခုလောလောဆယ်ကတော့ ပြည်ပမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေကို သံရုံးတွေကတဆင့်၊ ကျွန်တော်တို့ Website တွေမှာလည်း သံရုံး Link တွေ အကုန်လုံး တင်ထားပါတယ်။ သံရုံးတွေကနေတစ်ဆင့် ဘယ်လိုပြောထားလဲဆိုတော့ ဒီကနေပြီးတော့ ညွှန်ကြားချက်ပေးလိုက်တော့ သံရုံးတိုင်းက သူတို့နိုင်ငံမှာရှိတဲ့၊ သူတို့နိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို စာဖြန့်ပါတယ်။ အဲဒီစာကိုလည်း ကျွန်တော်တွေ့ရပါတယ်။ အဲ့တော့ အဲဒီက နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ကတော့ သူတို့အသင်းအဖွဲ့အလိုက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပါဘူး။ ဥပမာ .. နယူးယောက်မှာဆိုပါစို့ Myanmar-US Chamber of Commerce ရှိပါတယ်။ သူတို့ဆိုလည်း လှူဖို့ စိုင်းပြင်းပြီးလုပ်မှာပါ။ အဲ့တော့ ကျွန်တော်ကတော့ နာမည်လည်းတွင်ကျန်ခဲ့အောင်ဆိုပြီး ကျောင်းကို တစ်ကျောင်းလှူမလား နှစ်ကျောင်းလှူမလား စသဖြင့် အဲလိုတွေလုပ်လို့ရပါတယ်။

MIZZIMA - ဟုတ်ကဲ့။ ဒီရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ သူ့လုပ်ငန်းမှာ အဓိကစိန်ခေါ်မှုတွေ နောက်ပြီးတော့ အခွင့်အရေးပေါ့။ ရခိုင်အတွက်ရော မြန်မာနိုင်ငံအတွက်ရော အခွင့်အရေးတွေက ဘာတွေရှိတယ်လို့ ထင်သလဲခင်ဗျ။

UKM - စိန်ခေါ်မှုကတော့ ကျွန်တော်မြင်တာကတော့ NLD အစိုးရ စတက်ကတည်းက စိန်ခေါ်မှုတွေ ရှိခဲ့တယ်။ အဲဒီအထဲမှာ ဘာတွေပါလဲဆိုတော့ ကျွန်တေ်ာတို့က သမာရိုးကျ Development မဟုတ်ဘူး။ စစ်အာဏာရှင်ပုံစံနဲ့ အုပ်ချုပ်တဲ့စနစ်ကနေပြီးတော့ ဒီမိုကရေစီပုံစံနဲ့ အုပ်ချုပ်တဲ့စနစ်ကို ပြောင်းနေတဲ့အချိန်မှာ များသောအားဖြင့် မြန်မာနိုင်ငံသူ နို်င်ငံသားတွေက ဒီမိုကရေစီဆိုတာ ဘာမှ သေသေချာချာ သိတာမဟုတ်ဘူး။ ဒီမိုကရေစီ ပန်းတိုင်ဆိုတာကိုလည်း ဘယ်နားရှိမှန်းမသိဘူး။ ရောက်မှမရောက်ဖူးသေးပဲကိုး။ ဒါက သွားရဦးမှာ။ အဲတော့ မသိတာပါတယ်။ အဲ့တော့ စိန်ခေါ်မှုက ဘာလဲဆိုတော့ Education ပေါ့။ ပြည်သူတွေကို ဒီမိုကရေစီဆိုတာ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို လမ်းဘေးမှာ ငရုပ်သီးခြောက် လှန်းလို့ရတဲ့ဟာ မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့၊ လူကလည်း လူ့စည်းကမ်း၊ ရဟန်းကလည်း ရဟန်းစည်းကမ်း၊ ဝန်ထမ်းကလည်း ဝန်ထမ်းစည်းကမ်း အဲလိုလုပ်မှ အောင်မြင်မယ့်ဟာ ဆိုတာကို ပြည်သူတွေ သိဖို့လိုပါတယ်။ ဒါကတစ်ခု။ နောက်တစ်ခုကတော့ Development Challenge က ကျွန်တော်တို့ ပြန်ပြောမယ်ဆိုလို့ရှိရင် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ ၁၉၆၂ တုန်းက စပြီးတော့ တော်လှန်ရေးကောင်စီ တက်လာတဲ့အချိန်ထဲက နိုင်ငံကို ဆိုရှယ်လစ်နိုင်ငံဆိုပြီးတော့လုပ်တာ ဆိုရှယ်လစ်နိုင်ငံဆိုပြီးတော့ လုပ်တဲ့အခါမှာ စေတနာနဲ့လုပ်ပေမယ့်လည်း နောက်ပိုင်းကျတော့ စေတနာကနေ ရုပ်လုံးက ပေါ်မလာဘူး။ ဝေဒနာတွေဖြစ်ပြီးတော့ ၈၈ တွေပါဖြစ်လာတယ်။ အဲ့တော့ အဲဒီမှာ ၂၆ နှစ်လောက် စီးပွားရေးအနေနဲ့ ခံခဲ့ရတယ်။ မတိုးတက်ဘူးပေါ့နော်။ နောက်ပိုင်းကျတော့ တပ်မတော်အစိုးရ SPDC တက်လာတဲ့အခါကျတော့လည်း အနောက်နိုင်ငံတွေက စစ်အစိုးရက ဒီမိုကရေစီကို မရအောင်လုပ်ထားတယ်။ ဒီစစ်အစိုးရကို တိုက်မှပဲဆိုပြီးတော့ နည်းအမျိုးမျိုးနဲ့ တိုက်တဲ့အခါကျတော့ နောက်ဆုံးကျတော့ ဆန်ရှင်တွေ ဖြစ်လာတယ်။ ဆန်ရှင်တွေဖြစ်လာတော့လည်း စီးပွားရေးက သူများတွေ တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က မတိုးတက်နိုင်ဘူး။ လက်ကို နောက်ပြန်ကြိုး တုပ်ထားသလိုဖြစ်နေတယ်။ အဲတော့ Development Challenge ဒီဟာလည်း ပါပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော် ပြောချင်တာကတော့ အခု ကျွန်တော်တို့က ခေတ်ကြီးက ပြောင်းသွားပြီပေါ့နော်။ Digital Aged ကို ရောက်သွားပြီဆိုတော့ ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူး။ ကောင်းတဲ့ဟာတွေလည်း ရနိုင်တယ်။ ဆိုးတဲ့ဟာတွေလည်း ဖြစ်နိုင်တယ်။ အခုဆိုးတဲ့ဟာတွေ ဘာဖြစ်နိုင်သလဲဆိုတော့ အင်တာနက်ရဲ့ Global Reached ကြောင့်ပေါ့။ တစ်ကမ္ဘာလုံးက သိတယ်။ ဖုန်းသုံးစွဲမှုကလည်း သိပ်များနေပြီ။ တစ်ယောက်က တင်လိုက်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် တက်သွားတာပဲ။ တက်သွားတယ်ဆိုရင် ဒီတင်လိုက်တဲ့ဟာလေးက လူ့အသိုင်းအဝိုင်း တစ်ခုနဲ့တစ်ခုနဲ့ ရန်ဖြစ်အောင်လည်း လုပ်လို့ရတယ်။ ချစ်ကြည်အောင်လည်း လုပ်လို့ရတယ်။ တင်တဲ့အပေါ်မှာပဲ မူတည်တယ်။ အဲတော့ ဒီအင်တာနက်ကတော့ ရှိလည်းရှိသင့်တယ် ရှိလည်းရှိရမှာပဲ။ ဒါပေမယ့် ဘယ်လိုသုံးတယ်ဆိုတာ ပြည်သူပြည်သားတွေ သင်ဖို့လိုပါတယ်။ အဲဒါကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ နောက် Opportunity ကဘာလဲဆိုတော့ တကယ်လို့ တိုက်ပွဲတိုက်တယ်ဆိုလို့ရှိရင် ရခိုင်ပေါ့နော်။ ရခိုင်ကတော့ တိုက်ပွဲတိုက်တာတော့ မဟုတ်ဘူး။ ပြောမယ်ဆိုလို့ရှိရင် အောင်မြင်အောင် လုပ်ရမှာပေါ့။ အောင်မြင်လို့ရှိရင် ဒီ(Modeling)ပုံစံကို တခြားပြည်နယ်တွေ တိုင်းတွေမှာ (Replicate) ပုံစံတူ လုပ်လို့ရတယ်၊ အတုယူပြီးတော့ လုပ်လို့ရတယ်။ နောက်ပြီးတော့ ဒီပြဿနာ အေးသွားတယ်ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အာရုံစိုက်ပြီးတော့ လူကြီးတွေက ပိုလုပ်လို့ရတယ်။

 

MIZZIMA - ဟုတ်ကဲ့။ ဒီကနေ အောင်မြင်မှုကို ကျန်တဲ့ဒေသတွေမှာလည်း မြန်မာပြည်ရဲ့ Conflict ရှိတဲ့ တခြားနေရာတွေမှာ ပြန်ပြီးတော့ အသုံးချလို့ရတယ်လို့ ပြောချင်တာပေါ့။ နောက်ပြီးတော့ အခု UEHRD က လုပ်ငန်းတွေ စနေပြီ။ အထူးသဖြင့်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့နော်။ အဲလိုမျိုး UEHRD ရဲ့လုပ်တဲ့လုပ်ငန်းတွေ ဘာတွေလုပ်နေတယ် ဘာတွေလုပ်မယ်ဆိုတာကို မီဒီယာတွေနဲ့ ပြည်သူတွေကို အသိပေးဖို့အတွက် မီဒီယာတွေနဲ့ ဘယ်လိုများ လွတ်လပ်စွာ သတင်းယူလို့ ရနိုင်မလဲခင်ဗျာ။

UKM - ဟုတ်ကဲ့။ အဲဒီဟာက ဘယ်လိုလဲဆိုတော့ အခုကျွန်တော်တို့ကို တာဝန်ပေးတယ်။ အမိန့်လည်းထွက်တယ်ပေါ့နော်။ သမ္မတကြီး လက်မှတ်ထိုးပြီးတော့ အမိန့်ထွက်တယ်။ နေရာလည်း သတ်မှတ်ပေးထားပါပြီ။ အဲဒီ NRPC ငြိမ်းချမ်းရေးစင်တာ ပေါ့နော်။ အရင် NRPC နဲ့ အခု NRPC ဆိုပြီး နှစ်ခုရှိပါတယ်။ ရန်ကုန်မှာတစ်ခု နေပြည်တော်မှာတစ်ခု။ အဲ့တော့ ကျွန်တော်တို့ကို ရုံးစိုက်ဖို့ပေးထားတာက NRPC ရန်ကုန်မှာပါ။ ရန်ကုန်မှာ အရင်တုန်းက ကိုဖီအာနန် ထိုင်သွားတဲ့ တိုက်မှာ ဒေါက်တာအောင်ထွန်းသက်ရယ် ကျွန်တော်ရယ် အဲဒီမှာ ရုံးထိုင်ဖို့ တာဝန်ပေးထားပါတယ်။ ဒါပေမယ့် ရုံးက သေသေချာချာ ပီပီပြင်ပြင် မလုပ်ရသေးပါဘူး။ အဲဒါ လုပ်ပြီးပြီ ဆိုလို့ရှိရင် ကျွန်တော့်ရည်ရွယ်ချက်ကတော့ တစ်လကို နှစ်ခါပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်၊ တစ်ပတ်ကို တစ်ခါပဲဖြစ်ဖြစ် မီဒီယာနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ အခုလိုပဲတွေ့မယ်။ နောက်တစ်ခုကတော ့ အမြဲတမ်းဆက်သွယ်လို့ရအောင် Website မှာလည်း ဖုန်းနံပါတ်တွေ ပေးထားပါတယ်။ ကျွန်တော်ဖုန်းနံပါတ်ကိုလည်း လွတ်လွတ်လပ်လပ် ပေးထားပါတယ်။ ဆက်လို့ရတယ်။ တကယ်လို့ သိပ်များရင်တော့လည်း ကျွန်တော့်အတွင်းရေးမှူးကို နားထောင်ခိုင်းမှာပေါ့လေ။ ဒါပေမယ့် အဓိကကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြောထားတာကတော့ တုန့်ပြန်တဲ့နေရာမှာ အမုန်းကိုအမုန်းနဲ့ မတုန့်ပြန်ဖို့၊ နောက်ပြီးတော့ သူများကရန်လာစတာလည်း ရန်နဲ့မတုန့်ပြန်ဖို့ အလုပ်နဲ့ပဲပြမယ်။ ကောင်းတဲ့စေတနာနဲ့ အရင်းခံပြီးတော့ လုပ်တဲ့အလုပ်နဲ့ ပြမယ်ဆိုပြီးတော့။ အဲလိုမျိုး ပြောထားတဲ့အတွက်ကြောင့် ကျွန်တော်တာဝန်အနေနဲ့ကလည်း ဒီလိုလုပ်ငန်းတွေ တစ်နေ့နဲ့တစ်နေ့ တိုးတက်ပြီးတော့ ဖြစ်လာတာကို ပြည်သူရော ကမ္ဘာရော သိနိုင်ဖို့၊ တင်ပြဖို့ တာဝန်ရှိပါတယ်။

 

MIZZIMA - ပြည်တွင်းပြည်ပ မီဒီယာတွေ အဲဒီအပေါ် Effective Area ပေါ့၊  မောင်တော၊ ဘူးသီးတောင်တို့ ပြီးတော့ နယ်စပ်တို့ အဲလိုမျိုး နေရာမျိုးတွေကို လွတ်လပ်စွာ သွားလာဖို့ သတင်းယူဖို့ ကျတော့ရော ဆရာဘယ်လိုစဉ်းစားမိလဲခင်ဗျ။

UKM - ဟုတ်ကဲ့။ အဲဒီဟာက လွတ်လပ်စွာ သွားလာဖို့ဆိုတာကတော့ ပထမဦးဆုံးကတော့ အရင်တုန်းကလည်း သံတမန်တွေသွားဖို့ ဆိုပြီးတော့ ခဏခဏ တောင်းပါတယ်။ နိုင်ငံတကာက ဘယ်လိုတောင်းခံထားလဲဆိုတော့ အဟန့်အတားမရှိ သွားခွင့်ပြုရမယ်ဆိုပြီး တောင်းတယ်။ တောင်းတာကတော့ တောင်းတာပဲ။ ဒါပေမယ့် အစိုးရအနေနဲ့ကတော့လည်း ပေးမှာပါ။ အခုဆိုရင် မနက်ဖြန် ကျွန်တော်ရခိုင်ပြည်ကို သွားဖို့ရှိပါတယ်။ ဒေါက်တာအောင်ထွန်းသက် ခေါင်းဆောင်ပြီးတော့ သွားကြမယ်။ ဓါတ်ပုံတွေရိုက်မယ်၊ မှတ်စရာရှိတာတွေ မှတ်မယ်ပေါ့။ အဲ့တော့ အဲဒီဟာတွေ သွားဖို့ကိစ္စတွေ၊ နောက်ပြီးတော့ မီဒီယာပိုင်းက သိချင်တာတွေ၊ လိုအပ်ချက်တွေအားလုံးက ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်။ ကျွန်တော့်ကို တာဝန်ပေးထားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် Welcome လုပ်ပါတယ်။ ဖြေပေးပါမယ်။

MIZZIMA - ဟုတ်ကဲ့။ နောက်ဆုံးတစ်ချက်ကတော့ UEHRD နဲ့ ပတ်သက်တာ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး မြန်မာပြည်ထဲက ပြည်သူတွေအတွက်က Message က ဘာတွေရှိလဲဆရာ။ ဘာပြောချင်သလဲခင်ဗျ။

UKM - ဟုတ်ကဲ့။ အဲ့တော့ Message က ဘာပြောချင်သလဲဆိုတော့ ကျွန်တော်က ဘာကိုပြန်ကောက်ချင်လဲဆိုတော့ UEHRD ထဲက ပထမနှစ်လုံးကို ပြန်ကောက်ချင်ပါတယ်။ ပထမတစ်လုံးက ယူနီယံ၊ နောက်တစ်ခုက အင်တာပရိုက် သူကတော့ မြန်မာပြည်မှာရှိပါတယ်။ ကုမ္ပဏီတွေလုပ်တုန်းက အစတုန်းကတော့ ကော်ပရေးရှင်းပေါ့။ အဲဒီကနေ အင်တာပရိုက် အဲဒါတွေက စီးပွားရေးလုပ်ငန်းတွေ  အခု ဒီ Entrprise ကြီးကတော့ ပြည်ထောင်စုနဲ့ ချီပြီးတော့ ယူနီယံပေါ့။ ပြည်ထောင်စုအဆင့်နဲ့ ချီပြီးတော့လုပ်တဲ့ လုပ်ငန်းရပ်ကြီးပေါ့။ လုပ်ငန်းစီမံကိန်းကြီးလို့ ပြောလို့ရပါတယ်။ အဲ့လိုမျိုး ပြောလို့ရတဲ့အတွက်ကြောင့် ဒီဟာကြီး အောင်မြင်သွားလို့ရှိရင် ကျွန်တော်တို့က ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး  ဖြစ်ဖို့အတွက်ကလည်း ပိုပြီးတော့ လမ်းက နီးလာပြီ။ ငြိမ်းချမ်းရေးကိုကျွန်တော်တို့ အာရုံစိုက်ပြီးတော့လုပ်နိုင်မယ်။ ဒါကြောင့်မို့ ဒီနေရာမှာ ကျွန်တော်တို့က ရှုံးလို့ကိုမရတော့ဘူး၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့သန္နိဌာန်နဲ့ ပြည်သူတွေနဲ့ အစိုးရနဲ့ တပ်မတော်နဲ့ တစ်သားတည်း ကြိုးစားဖို့လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

MIZZIMA - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags