အနောက်အုပ်စုနှင့်မြန်မာ၊ သစ်တစ်ပင်ချင်းကို မြင်ပြီး တောတစ်ခုလုံးကို မမြင်ခြင်း

အနောက်အုပ်စုနှင့်မြန်မာ၊ သစ်တစ်ပင်ချင်းကို မြင်ပြီး တောတစ်ခုလုံးကို မမြင်ခြင်း

 

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေခြင်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအပေါ် အတောမသတ်တဲ့ ဆက်တိုက်ဖိအားပေးမှုတွေ လုပ်နေတာကို ကြည့်ရခြင်းအားဖြင့် အနောက်အုပ်စုအနေနဲ့ကတော့ သစ်တစ်ပင်ချင်းကိုတော့ မြင်ပြီး တောတစ်ခုလုံးကို မမြင်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

သူမကို ကသိကအောက် အဖြစ်ဆုံး အခြေအနေတစ်ခုဆီ မရောက်ရောက်အောင် သူတို့ဘက်က တွန်းပို့နေကြပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဒီမိုကရေစီရဲ့ အနက်ရှိုင်းဆုံး အရင်းအမြစ်တွေ အပေါ်မှာလည်း ခြိမ်းခြောက်မှုတွေ ရှိလာနေခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံတကာ ဝေဖန်ပြစ်တင်ချက်တွေကို သူမအနေနဲ့ လမ်းလွှဲသွားအောင် မလုပ်နိုင်ဘူးဆိုရင် စစ်တပ်အနေနဲ့ကလည်း စိတ်ပျက်သွားနိုင်ပါတယ်။ ဒီလိုသာဆိုရင် BBC ရဲ့ အာရှရေးရာ အယ်ဒီတာဟောင်း Larry Jagan သုံးသပ်ဖော်ပြထားခဲ့သလို စစ်တပ်က အုပ်ချုပ်ရေးပိုင်း အာဏာသိမ်းတဲ့အဆင့်အထိတောင် ရောက်ချင်ရောက်သွားနိုင်ပါတယ်။ ဆိုလိုတာကတော့ အရေးကြံုလာတဲ့အခါ အာဏာကို လွှဲပြောင်းတာဝန်ယူခွင့်ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံဥပဒေကပေးထားတဲ့ အာဏာကို စစ်တပ်က အသုံးချချင်ချသွားနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာလက်လွှတ်သွားစေတဲ့အထိပါ ဖြစ်သွားစေနိုင်တာပဲ ဖြစ်ပါတယ်။

စစ်တပ်ကို ထိန်းချုပ်ဖို့ ပျက်ကွက်သလို ရှိနေတာ နဲ့ ရခိုင် ဖြစ်စဉ်တွေအပေါ်မှာ ကာကွယ်ပေးနိုင်ခြင်းမရှိဘူးဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူရထားတဲ့ နိုဗယ်ဆု ပြန်သိမ်းခံရတာကို မြင်ချင်နေကြတဲ့သူတွေကို  ဒီလို အလားတူကိစ္စလိုမျိုးပဲ အနောက်အုပ်စုရဲ့ ကြောင်သူတော်ယောင်ဆောင်ခဲ့တဲ့ ဖြစ်စဉ်အနည်းငယ်ကို တင်ပြချင်ပါတယ်။

အရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာကို ၁၉၇၃ ခုနှစ်မှာ နိုဗယ်ဆု ပေးလိုက်တဲ့ကိစ္စကို အနောက်အုပ်စုက ဘာလို့များ မကန့်ကွက်ခဲ့ကြတာလဲ၊ အဲဒီဆု ပြန်သိမ်းဖို့ ဘာလို့များ သူတို့ မတောင်းဆိုခဲ့ကြတာလဲ? ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့  ကစ်ဆင်ဂျာဟာဆိုရင် "လင်းတ စစ်ဆင်ရေး" ၊ နောက်ပြီး ကမ္ဘောဒီးယားမှာ အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု အစီအစဉ်တွေကို ြံကိုးကိုင်စီစဉ်ရာမှာ အဓိကအခန်းကဏ္ဍတစ်ခုကနေ ပါ၀င်လုပ်ကိုင်ခဲ့တာမျိုး ရှိထားတာတောင်မှ အဲဒီလိုမျိုး သူ နိုဗယ်ဆုရရှိသွားခဲ့တာက တကယ်တမ်းမှာတော့ ရယ်စရာ ဟာသတစ်ခု ဖြစ်သွားစေခဲ့ပါတယ်။ ကစ်ဆင်ဂျာ နိုဗယ်ဆုရသွားတဲ့အကြောင်းနဲ့ ပတ်သက်လို့ အမေရိကန် တေးရေးနဲ့ အဆိုကျော် Tom Lehrer က ပြောထားတဲ့ စကားတစ်ခွန်းဖြစ်တဲ့ " နိုင်ငံရေးနဲ့ပတ်သက်လို့ ထေ့ငေါ့သရော်မှုဆိုတာက ခေတ်ကုန်လာခဲ့ပြီ" ဆိုတာကို ကျွန်တော် ပြန်လည် ပြောပြချင်နေမိပါတော့တယ်။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့  ၁၉၇၅ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ CIA  စီစဉ်ပေးတဲ့ စစ်အာဏာသိမ်းမှုကို စီစဉ်လုပ်ဆောင်ရာမှာလည်း ကစ်ဆင်ဂျာက အဓိကတာဝန်ရှိနေခဲ့သူတစ်ဦးဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူ Sheikh Mujibur Rahman နဲ့ သူမိသားစုတစ်စုလုံးနီးပါး သေဆုံးသွားခဲ့ကြရပါတယ်။ Lawrence Lifschultz က သူ့ရဲ့စာအုပ်ဖြစ်တဲ့  "ဘင်္ဂလားဒေ့ရှ်၊ မပြီးဆုံးသေးသော တော်လှန်ရေး" ထဲမှာဆိုရင် ယင်းဘင်္ဂလားဒေ့ရှ် အာဏာသိမ်းမှုမှာ CIA ရဲ့ ပါ၀င်ပတ်သက်ခဲ့မှုအခန်းကဏ္ဍကို အသေးစိတ်ဖော်ထုတ်ရေးသားထားခဲ့ပါတယ်။ Mujib ကို "အင်ဒို-ဆိုဗီယက် လက်ပါးစေ" ၊ အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာ ဂန္ဒီကိုလည်း "မြေခွေးမ" လို့ ပြောဆိုမယ့် သူတစ်ဦးဖြစ်တဲ့ ကစ်ဆင်ဂျာအတွက်ကတော့ ဒီအာဏာသိမ်းမှုဟာ ဗီယက်နမ်မှာ အရှုံးကြီး ရှုံးခဲ့သမျှ ပြန်ပြီး အစားပြန်ရအောင် လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကစ်ဆင်ဂျာဟာဆိုရင် ချီလီခေါင်းဆောင် Salvador Allende သေဆုံးခဲ့ပြီး CIA စနက်မကင်းတဲ့ ချီလီ အာဏာသိမ်းမှုနဲ့အတူ လက်တင်အမေရိက၊ အာဖရိကနဲ့ အာရှဒေသတို့က အလားတူ ဖြစ်ရပ်အများအပြားမှာ  တိုက်ရိုက်တာဝန်ရှိနေသူလည်း ဖြစ်ပါတယ်။ အတိုချုံးပြောရရင် အင်ဒို-ချိုင်းနားမှာ အမေရိကန်စစ်တပ် ကံအကြောင်းမလှခဲ့တဲ့ နောက်ပိုင်း ကစ်ဆင်ဂျာအနေနဲ့ကတော့ သွေးစွန်းတဲ့လက်တွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက် အော်စလိုစာချုပ်အတွက် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ခဲ့လို့ ဆိုပြီး ၁၉၉၄ ခုနှစ်မှာတော့ ပါလက်စတိုင်းခေါင်းဆောင် Yassar Arafat ၊ အစ္စရေးဝန်ကြီးချုပ် Yitzhak Rabin ၊နိုင်ငံခြားရေးဝန်ကြီး Shimon Peres တို့သုံးဦး နိုဗယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိသွားခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ   " လူတစ်ယောက်က အကြမ်းဖက်သမားဆိုရင် အခြားတစ်ယောက်က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူ" ဆိုပြီး TIME က ရေးသားခဲ့ပါတယ်။ ယင်းအော်စလို စာချုပ်ဟာဆိုရင်လည်း ကမ္ဘာပေါ်က ကာလအရှည်ကြာဆုံး ပဋိပက္ခကြီးကို ပြေလည်အောင်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ မရှိသုံးလုပ်ဆောင်ချက်တစ်ခု သက်သက်တစ်ခုအဖြစ်သာ ယနေ့အချိန်မှာ ရှုမြင်ခံထားရပါတယ်။

ယင်းအချိန်တုန်းကတော့ အော်စလို သဘောတူညီချက် မအောင်မြင်တဲ့အတွက်ရော၊ Yassar Arafat ကိုယ်တိုင်အတွက်ကြောင့်ရော ဒီလိုမျိုး နိုဗယ်ဆုချီးမြင့်ခဲ့တဲ့အတွက် နိုဗယ်ကော်မတီအပေါ် ဝေဖန်ပြစ်တင်မှုတွေ စုပုံရောက်ရှိထားခဲ့ပါတယ်။ Arafat ကိုယ်တိုင်ကလည်း အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း လူသိရှင်ကြားထုတ်ဖော်ထားခဲ့တယ်ဆိုသော်ငြားလည်း သူဟာ နိုဗယ်ငြိမ်းချမ်းရေးဆုရသူတွေထဲမှာ အဆိုးရွားဆုံးသော ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီး ဝေဖန်သူတွေက ပြစ်တင်ပြောကြားခဲ့ကြပါတယ်။ “Peace, They Say: A History of the Nobel Peace Prize, the Most Famous and Controversial Prize in theWorld” စာအုပ်ရေးသားသူ Jay Nordinger က  Times of Israel မှာ ထင်မြင်ချက်သတင်းတစ်ပုဒ် ရေးသားခဲ့ရာမှာတော့ Arafat ဟာ အစ္စရေးကို ဆန့်ကျင်တဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ကာလကြာ နောက်ကွယ်ကနေ ပံ့ပိုးအားပေးနေခဲ့တဲ့ အကြမ်းဖက်သမားတစ်ဦး ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဗုံးခွဲတိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုတို့မှာ တာဝန်ရှိတဲ့စစ်သွေးကြွအဖွဲ့တွေကို ကြီးကြပ်စီမံခဲ့ပေးခဲ့မှု၊ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ မနှစ်သက်မှု တို့အပါအဝင် ၎င်းရဲ့ ဘဝနေထိုင်မှုကို ပြန်လည်စစ်ဆေးကြည့်ရှုလို့လည်း ရနိုင်ပါတယ်။ Arafat ရဲ့ မြောက်မြားလှတဲ့ ကျူးလွန်မှုစာရင်းကြောင့်လည်း အများကတော့ ၎င်းပါလက်စတိုင်းခေါင်းဆောင်ကို မျက်မှောက်ခေတ် အကြမ်းဖက်မှုရဲ့ ဖခင်ကြီးအဖြစ် ခေါ်ဝေါ်သမုတ်တဲ့အထိတောင် ဖြစ်စေခဲ့ပါတယ်။

ကြက်သေသေသွားလောက်တဲ့ အံ့အားသင့်မှု တစ်ရပ်ဆိုပြီး New York Times က ဖော်ပြခဲ့ရတဲ့အထိ ပေါ်ပေါက်လာတဲ့ကိစ္စတစ်ခုကတော့ အမေရိကန်သမ္မတဟောင်း Barack Obama နိုဗယ်ဆုရသွားခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ၎င်းဟာဆိုရင် ၂၀၀၉ ခုနှစ်က သမ္မတဖြစ်ပြီး ၁၂ ရက်လောက်အကြာမှာပဲ နိုဗယ်ဆုအတွက် အမည်တင်သွင်းအဆိုပြုခံခဲ့ရပါတယ်။ အဲဒီနောက် အာဏာရပြီး လပိုင်းသာရှိသေးတဲ့အချိန်မှာပဲ Obmam အဲဒီ နိုဗယ်ဆုကို အမှန်တကယ် ရသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ဆုချီးမြှင့်ရေးကော်မတီဟာ  နိုင်ငံရေးအရ တွန်းအားပေးခံရမှုတွေ ရှိနေပြီဆိုပြီး အများက စွပ်စွဲခဲ့ကြပါတယ်။ Obama ကို ဆုအတွက် ရွေးချယ်ခဲ့ရာမှာတော့ တစ်ခြားသော ပေါ်လွင်ခိုင်မာတဲ့ အောင်မြင်မှုတွေထက်စာရင် လူအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာ ဒီပလိုမေစီကို ပိုမိုခိုင်မာစေဖို့အတွက် သူမတူအောင် အားထုတ်ခဲ့မှုကြောင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ကော်မတီက ဆိုပါတယ်။ " အိုဘားမားအနေနဲ့ ကမ္ဘာကြီးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ပြည်သူတွေကိုလည်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ််ခုကို ပေးအပ်ထားနိုင်ခဲ့ပါတယ်၊ ဒီလိုမျိုး စွမ်းဆောင်နိုင်သူ မရှိသလောက် ရှားပါတယ်" ဆိုပြီး နော်ဝေ ဆုချီးမြှင့်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ ကမ္ဘာပေါ်မှာ နျူကလီးလက်နက် အစုအပုံတွေကို လျှော့ချဖို့၊ အရှိန်သေနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ဖန်ပြန်လည်တွန်းအားပေးသွားဖို့ Obama ရဲ့ တိုက်တွန်းထားချက်တွေကို ဆုချီးမြှင့်ရေးကော်မတီက ရည်ညွန်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းကဆိုရင် အိုဘားမားရဲ့ သမ္မတသက်တမ်းဟာ အရမ်းကို တိုတောင်းလွန်းလှသေးတာ၊ အာဖဂန်စစ်ပွဲ အရှိန်မြင့်နေတာ၊ အရပ်သားသေဆုံးမှုများပြားစေခဲ့တဲ့ ဒရုန်း ကမ်ပိန်း အစပျိုးလုပ်ဆောင်ခဲ့တာ တို့အပေါ် ဝေဖန်သူတွေက ချက်ချင်းထောက်ပြပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဆီးရီးယားမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ချမှု၊ မအောင်မြင်တဲ့ အာဖဂန် စစ်ပွဲမှာ သူ့ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတို့နဲ့ပတ်သက်လို့ ဂျာနယ်လစ် Kirsten Powers က ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အိုဘားမားကိုယ်တိုင်ကလည်း ဆုလက်ခံတဲ့ အခမ်းအနား မိန့်ခွန်းပြောရာမှာ သူ့အနေနဲ့ ဒီနိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်ပါဘူးလို့ ပြောခဲ့တဲ့အချိန်မှာလည်း  လူအများက ဒီပြောဆိုချက်ကို သဘောတူလက်ခံခဲ့ကြပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည်တဲ့အခါမှာတော့ ပြည်တွင်းရော ပြည်ပမှာပါ လှိုင်းထန်နေတဲ့ ရေပြင်ကျယ်အလယ်  မြန်မာ့ဒီမိုကရေစီဆိုတဲ့ သင်္ဘောကြီးကို လမ်းကြောင်းပြ ပဲ့ကိုင်ခုတ်မောင်းဖို့ ရုန်းကန်ကြိုးပမ်းနေရလျက်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် တောက်ပတဲ့ မျှော်လင့်ချက် အလင်းတန်းတစ်ခုအဖြစ်နဲ့ ထွန်းလင်းတောက်ပနေလျက်တာကို သွားတွေ့ရမှာဖြစ်ပါတယ်။

အနောက်အုပ်စုအနေနဲ့ကတော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကောက်ချက်ချပြောဆိုတာတွေ အလောတကြီး မလုပ်ခင်မျိုးမှာ မြန်မာ့နိုင်ငံရေးရဲ့ တကယ့် ရွေ့လျားနေတဲ့ အင်အားတွေကို သဘောပေါက်နားလည်အောင် အရင်လုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံမှာ စစ်တပ်ဗိုလ်ချုပ်ကြီးတွေက လုံခြံုရေးကိစ္စပိုင်းကလွဲလို့ ဥပဒေပြုရေးအာဏာအားလုံးကို အရပ်သားအစိုးရထံ လွှဲပြောင်းပေးအပ်လိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နိုင်င့ံခေါင်းဆောင်တစ်ဦး ဖြစ်လာတဲ့နောက်ပိုင်းမှာတောင်မှ နိုင်ငံမှာ တကယ့်လက်တွေ့အာဏာက ဘယ်နေရာမှာ တည်နေဆဲလဲဆိုတာနဲ့ပတ်သက်တဲ့ တကယ့်အတွင်းသဘောကို ဒီဘင်္ဂါလီ အကျပ်အတည်းက ပြသနေလျက်ရှိပါတယ်။

" ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနသုံးခုမှာ စစ်ဗိုလ်ချုပ်ကြီး သုံးဦး တာဝန်ထမ်းနေသလို၊ လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်းကလည်း စစ်ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တွေ ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ အထူးသဖြင့် ရခိုင်လိုမျိုး လုံခြံုရေးကိစ္စမျိုးတွေမှာ ဖွဲ့စည်းတည်ဆောက်ပုံနည်းကျစွာနဲ့ပဲ လုံလောက်တဲ့ လုပ်ပိုင်ခွင့်တွေ ရရှိထားနေတာကို တွေ့ရမှာဖြစ်ပါတယ်" ဆိုပြီး မြန်မာ့အရေး စောင့်ကြည့်သူ Mrinal Chakma က မကြာသေးမီကပဲ South China Morning Post ကို ပြောထားခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ကာလအကြာကြီး ရုန်းကန်ကြိုးပမ်းလာခဲ့ရတာတွေ၊ ခုချိန်မှာ သူမရဲ့ လက်ရှိကျန်းမာရေးအပေါ်မှာတောင် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနေခဲ့တဲ့ ယခင်ကာလတစ်လျှောက်က သူမ ကြံုတွေ့ခံစားထားခဲ့ရတာတွေကို မပြောဘဲ ခဏအသာထားချင်ထားဦးတော့။ ခုချိန်မှာ ရခိုင်အရေးကိစ္စမှာ သူမရဲ့ ပါ၀င်ရတဲ့အခန်းကဏ္ဍက ဘယ်လိုမျိုးလဲ ဆိုတာ အရင်ကြည့်ကြပါစို့။ ပြီးတဲ့အခါကျရင် အနောက်အုပ်စုဘက်က လေးနက်မှုမရှိတဲ့ ခပ်ပေါ့ပေါ့ တုန့်ပြန်လုပ်ဆောင်နေမှုတွေ လုပ်နေတာက တကယ်ပဲ တရားမျှတမှု ရှိပါသလားဆိုတာကို စိစစ်အကဲဖြတ်ကြည့်ကြပါစို့။

၂၀၁၆ အောက်တိုဘာလမှာ ARSA အဖွဲ့က ပထမဆုံးတိုက်ခိုက်မှုတွေ စပြီးလုပ်ခဲ့တဲ့နောက်ပိုင်း နိုင်ငံမှာ ဒေါသမီးတွေ ဟုန်းဟုန်းတောက်လောင်နေချိန်မှာ  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပဋိပက္ခဖြစ်စဉ်အပေါ် စစ်ပုံစံသွင်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းချက်တွေကို ရဲဝင့်စွာ ပယ်ရှားခဲ့ပြီး ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ကက်ရှ်မီးယားအရေးမှာ အိန္ဒိယတို့ကရော အဲဒီလိုမျိုး ကော်မရှင်မျိုး ဖွဲ့စည်းမယ်လို့ ခင်ဗျား မျှော်လင့်လို့ရနိုင်လို့လား? ဒီလိုပဲ စစ်တကောင်းတောင်ကြော အရေးမှာရော အဲဒီလို ကော်မရှင်မျိုး ဘင်္ဂလားဒေ့ရှ် ထူထောင်မှာ မို့လို့လား၊ ဒီလိုပဲ အင်ဒိုနီးရှားရဲ့ Aceh ၊ ထိုင်းရဲ့ Pattani တို့မှာရော မြန်မာလိုမျိုး ခုလိုကော်မရှင်မျိုး ရှိကြလို့လား၊ ဒီလိုပဲ အင်အားကြီးတရုတ်တောင်မှ တိဗက်ဒေသအရေးနဲ့ပတ်သက်လို့ ဒီလိုကော်မရှင် ဖွဲ့လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားလို့ရလို့လား၊ မြောက်အိုင်ယာလန်ကိစ္စမှာ ယူကေကရော ဒီလိုလုပ်နေခဲ့လို့လား။ ဒါတင်မကသေးဘဲ အာဖဂန်နဲ့ ပါကစ္စတန်မှာ ဒရုန်းတိုက်ခိုက်မှုတွေအတွင်း လူအသက်ပေါင်းများစွာ ဆုံးရှုံးသွားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ အမေရိကန်ကရော ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းလုပ်ဆောင်တာမျိုးကို ကြိုက်မယ်လို့ ထင်သလား? မျက်မှောက်ခေတ်မှာ ဘယ်နိုင်ငံကမှ ဒီလိုမျိုး အထိမခံတဲ့ ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာနဲ့့ ပတ်သက်ချင်ကြမှာ မဟုတ်ပါဘူး။ ဒီလိုပဲ အမေရိကန်ဆိုရင်လည်း ကမ္ဘာ့ ပဋိပက္ခ ဇုန်တွေမှာ  သတ်ဖြတ်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဘယ်လို စုံစမ်းစစ်ဆေးမှုမျိုးကိုမှ ကြိုက်မှာမဟုတ်ပါဘူး။ ရခိုင်အရေးနဲ့ပတ်သက်လို့ ဇိုးခနဲ ဇတ်ခနဲ ထထ ၀င်ပါနေတတ်ကြတဲ့ အမေရိကန် ဆိနိတ်တာတွေကို တောင်းဆိုချင်တာက ဂွာတာနာမိုမှာ မျက်နှာကို ရေလောင်းညှင်းပန်းနှိပ်စက်တဲ့ နည်းအပါအဝင် အခြား သူမတူတဲ့ ညှင်းပန်းနှိပ်စက်မှုကိစ္စတွေကိုပဲ အာရုံစိုက်ပါလို့ ကျွန်တော်တို့ တောင်းဆိုကောင်းတောင်းဆိုရနိုင်ပါတယ်။

အများယုံကြည်လက်ခံနိုင်ဖို့၊ ပွင့်လင်းမြင်သာမှုရှိမှုတို့ကို ထိန်းသိမ်းဖို့အတွက် ကိုလိုနီခေတ်လွန် မျက်မှောက်ခေတ် ဘယ်ခေါင်းဆောင်မှ မလုပ်ခဲ့တာမျိုးကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ပြခဲ့တာဖြစ်ပါတယ်။ ရခိုင်ကော်မရှင်ကို တည်ထောင်ခဲ့ရုံသာမက ၀န်ကြီးအဆင့်ကော်မတီတစ်ခု ဖွဲ့ပြီး အဲဒီရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း ဖော်ဆောင်ဖို့ကိုပါ သူမ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီညမှာပဲ ပါကစ္စတန် ISI ဆီက ညွန်ကြားချက် ရပြီးနောက် ARSA အဖွဲ့ဟာ ရခိုင်ဒေသမှာ ရဲကင်းစခန်း ၃၀ နဲ့ စစ်အခြေစိုက်စခန်းတစ်ခုတို့ကို ၀င်တိုက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ငြိမ်းချမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို ဘယ်သူတွေက များ ကဖျက်ကယက် လုပ်နေကြတာလဲ?  အဖြေက ရှင်းပါတယ်။ ရခိုင်မှာ ဂျီဟတ် ဇာတ်လမ်းသစ်တစ်ခု ဖန်တီးပေါ်ပေါက်စေချင်တဲ့ ပါကစ္စတန် နဲ့ ARSA တို့ပဲဖြစ်ပါတယ်။ အကြောင်းပြချက်သစ်တစ်ခုနဲ့ ဂျီဟတ်ဇာတ်လမ်းသစ်တစ်ခုသာ ပေါ်လာမယ်ဆိုရင်တော့ ISI နဲ့ ပါကစ္စတန် ဗိုလ်ချုပ်ကြီးတွေအတွက် လှုပ်ရှားပေးမယ့် အစ္စလမ္မစ် စားဖားကြီးတွေလည်း ပေါ်လာမှာဖြစ်ပါတယ်။ ဂျီဟတ်ဆိုတာက စီးပွားကုန်သွယ်မှုဖြစ်ပါတယ်။ ဘင်လာဒင် သေဆုံးမှုနဲ့ ပတ်သက်လို့ အမေရိကန် ဂျာနယ်လစ် Seymour Hersh ရဲ့ ဖော်ထုတ်ချက်ကို ပြန်ပြောင်းအမှတ်ရစမ်းပါ။ သူ့ကို ပါကစ္စတန်စစ်တပ်က ဒေါ်လာသန်းပေါင်းများစွာနဲ့ အလဲအလှယ်လုပ်ခဲ့တယ်လို့ Hersh က ဆိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေအနေနဲ့ Abbottabad မြို့က ပါကစ္စတန် စစ်အကယ်ဒမီနဲ့ ကီလိုမီတာအနည်းငယ်ပဲ ကွာတဲ့နေရာမျိုးမှာ ဘင်လာဒင်ကို ခုလိုမျိုး တိုက်ခိုက်ရှင်းလင်းနိုင်ပါ့မလား? ပါကစ္စတန်စစ်တပ်သာ အမေရိကန်ရဲ့ စစ်ဆင်ရေးကို စောင့်ကြည့်ဖို့ တကယ်ပဲ ပျက်ကွက်ခဲ့တယ်ဆိုရင် အဲဒီစစ်တပ်ကို ဖျက်သိမ်းသင့်ပြီ ဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်အနေနဲ့ကတော့ ကက်ရှ်မီးယားက Uri မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တော့့ အဲဒီက စစ်စခန်းကို ကြီးကြပ်နေတဲ့ ဗိုလ်မှူးချုပ်ကို ထုတ်ပယ်ပစ်ခဲ့ပါတယ်။

ရခိုင်အရေးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ယာယီအားဖြင့် အခွင့်မသာပဲ ဖြစ်နေချိန် စစ်တပ်က ၀င်ရောက်နေရာယူလုပ်ကိုင်ခဲ့တယ်ဆိုပင်မယ့်လည်း သူမအနေနဲ့ကတော့ အတိဒုက္ခရောက်နေတဲ့ ဒေသမှာ အရေးပေါ်ဒေသကြေညာချက်ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ လွန်ဆန်ခဲ့ခြင်းတော့လည်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ရခိုင်အရေးနဲ့ပတ်သက်လို့ အချိုးမကျ အဆင်မပြေနိုင်တဲ့ မေးခွန်းတွေ ရှောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလထိပ်သီးအစည်းအဝေးတက်မယ့်အစီအစဉ်ကို ဖျက်ခဲ့ရပါသေးတယ်။ ဒါနဲ့ပတ်သက်လို့လည်း အနောက်အုပ်စုနိုင်ငံအများစုက သူမအပေါ် တစ်မျိုး ထင်မြင်ခဲ့ကြပါတယ်။ အမှန်တကယ်ကလည်း ယင်းအစည်းအဝေးကို မတက်ဖို့ ဆုံးဖြတ်ချက်ကို မဖြစ်မနေမို့လို့သာ သူမချမှတ်ခဲ့ရတာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူမ နိုင်ငံမှာ မရှိတဲ့အချိန် စစ်တပ်က ခန့်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေက ရခိုင်အတွက် အရေးပေါ်နိုင်ငံတော်ကြေညာချက်တစ်စောင်ဆိုပြီး ထုတ်ပြန်လက်မှတ်ရေးထိုးကောင်း ထိုးလိုက်မှာ စိုးလို့ ဖြစ်ပါတယ်။ အဲဒီအချိန်ကလည်း သမ္မတ ဦးထင်ကျော်က ကျန်းမာရေးပြဿနာရှိနေတဲ့အချိန် တကယ်လို့ သူမလည်း မရှိတဲ့အခါမျိုးမှာ  သူ့အနေနဲ့ အဲဒီလို အစိုးရလုပ်ပိုင်ခွင့် ရရှိနိုင်လို့ ဖြစ်ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်အပေါ် မယုံကြည်မှုက စစ်တပ်တွင်းမှာ ကြီးထွားလာနေပါတယ်၊ သူမနဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြားတင်သာမဟုတ်ပါဘူး၊ စစ်တပ်တစ်ခုလုံးနဲ့အကြားဖြစ်ပါတယ်" ဆိုပြီး အငြိမ်းစား စစ်တပ်အရာရှိကြီးတစ်ဦးကို ကိုးကားပြီး Larry Jagan က www.southasianmonitor.com မှာ ဖော်ပြတဲ့သူ့ဆောင်းပါးမှာ ရေးသားထားပါတယ်။

" အနောက်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင်းနဲ့ မြန်မာ့ဒီမိုကရေစီ အရင်းအမြစ်တွေကို အမှန်တကယ် ထိခိုက်စေလျက်ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ကြီးလေးတဲ့ စိန်ခေါ်မှုတွေကြားမှာ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ပါ၊ သူမကြောင့်လည်း အိမ်နီးချင်း ဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတို့က နိုင်ငံရေးဆိုင်ရာ ရွေ့လျားအားတွေကို ပိုပြီး စာနာနားလည်လာနေကြပြီး ပိုပြီးတော့လည်း သူမကို ခိုင်ခိုင်မာမာ ထောက်ခံထားကြပါတယ်" ဆိုပြီး မြန်မာ့အရေးစောင့်ကြည့်သူ Amrita Dey က မကြာသေးမီကပဲ South China Morning Post ကို ပြောပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ကတော့ ဒေသတွင်း သြဇာဖြန့်ကျက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြရတယ်ဆိုသော်ငြားလည်း ဘင်္ဂါလီ ဒုက္ခသည်တွေကို ပြန်ခေါ်ရေးကိစ္စမှာ မြန်မာအစိုးရ (အထူးသဖြင့် စစ်တပ်) လက်ခံအောင် အောင်မြင်စွာ သိမ်းသွင်းထားနိုင်ခဲ့ပါတယ်။ မကြာသေးမီကလည်း အိန္ဒိယအထူးသံတမန်က မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်အပေါ် ရန်စတဲ့ ကြေညာချက်တွေ မထုတ်ပြန်ဖို့ ပြောကြားခဲ့သေးပါတယ်။  ဒီလိုလုပ်မယ်ဆိုရင် Sheikh Hasina ကို ဂုဏ်သိက္ခာကျဆင်းစေနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ " သူမဆီမှာသာ အာဏာမရှိတော့ဘူးဆိုရင် Jammaat လွှမ်းမိုးထားတဲ့ BNP အစိုးရက ရခိုင်ကို အာရှဒေသရဲ့ ဂျီဟတ်ဇုန်သစ်တစ်ခုလို ပြောင်းလိုက်တာကို မြင်သွားရနိုင်ပါတယ်" လို့ ယင်း အိန္ဒိယသံတမန်က ပြောခဲ့ပါတယ်။ မြန်မာအနေနဲ့ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali ကို နိုင်ငံဆီ ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သလို ၎င်းရဲ့ ခရီးစဉ်ကတော့ နိုဝင်ဘာ ၁၆-၁၈ ဖြစ်ပါတယ်။ ယင်းခရီးစဉ်ကနေတဆင့် ဒုက္ခသည်ပြန်ပို့ရေးအတွက် သဘောတူညီချက်တစ်ရပ် ရချင်ရသွားနိုင်ပါတယ်။

တစ်ခြားတစ်ဘက်မှာလည်း အိန္ဒိယသံတမန်တွေက Hasina အစိုးရအပေါ် လွှမ်းမိုးမှုတွေ ရှိထားပါတယ်။ ပြီးတော့ ဘင်္ဂါလီ ကိစ္စမှာ မလိုအပ်တဲ့ သဘောထားရပ်တည်ချက်တွေ မထုတ်ပြန်ဖို့၊ စစ်အင်အားနဲ့ ခြိမ်းခြောက်တာမျိုးမလုပ်ဖို့ သူမကို အကြံပြုခဲ့ကြပါတယ်။ ဘင်္ဂါလီ အကျပ်အတည်းသာ ဆက်ရှိနေပြီး ဒီလိုပဲ ဆက်ပြီး ကစားခံနေရဦးမယ်ဆိုရင် ဒါဟာ အစ္စလမ္မစ် ခံယူချက်တွေကို နှိုးဆွပေးလိုက်ရာရောက်သလို၊ Hasina ရဲ့ Awami League မဟုတ်ဘဲ BNP နဲ့ Jamaat တို့ကိုပဲ အကျိုးဖြစ်သွားစေနိုင်တယ်ဆိုပြီး Hasina ရဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို အိန္ဒိယဘက်က သတိပေးပြောကြားထားပြီး ဖြစ်ပါတယ်။ ပါကစ္စတန် လိုလားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလိုမျိုး ဘင်္ဂါလီအမျိုးသားရေးကိစ္စတွေကို လူအများအာရုံစိုက်ခဲ့ချိန်တုန်းကတော့ Awami League ပါတီ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် 9/11 ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အစ္စလမ္မစ်ဝါဒီ ထကြွမှုတွေ ရှိလာချိန်မှာတော့ Awami League ရှုံးခဲ့ပါတယ်။ Hasina ရဲ့ ထိပ်တန်းအကြံပေးတစ်ဦးက ပြီးခဲ့တဲ့ကာလက ကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ဟာ အရမ်းကို ခက်ခဲတဲ့အခြေအနေတစ်ခုကို ညှိနှိုင်းနေရတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်နားလည်လာခဲ့ရပါပြီ၊ သူမ အာဏာရှိနေမှသာ ကျွန်တော်တို့အနေနဲ့ အနည်းဆုံး မြန်မာကို ဆက်သွယ်ပြောဆိုလို့ ရနိုင်မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။ Hasina ရဲ့ နိုင်ငံရေးအကြံပေး H T Imam က မဇျ္စိမနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားရာမှာတော့ ARSA ဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ရဲ့ ဘုံရန်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ယင်း ARSA ကို စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်ရှင်းထုတ်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြုခဲ့ပေမယ့် မြန်မာစစ်တပ်က ပြန်လည်မတုန့်ပြန်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုးလ်ကတ္တားအခြေစိုက် think-tank အဖွဲ့တစ်ခုဖြစ်တဲ့ ISCS က စီစဉ်တဲ့ "India-Myanmar relations" ကွန်ဖရင့်မှာ အိန္ဒိယ ထောက်လှမ်းရေးအကြီးအကဲဟောင်း Rajinder Khanna ပြောခဲ့တာရှိပါတယ်။ ဒါကတော့ ရခိုင်မှာ ဂျီဟတ် ဖြစ်ဖို့ ပါကစ္စတန်ရဲ့ တစ်ဆင့်ချင်းစီအလိုက် ကြိုးပမ်းအားထုတ်မှုတွေကို မြန်မာလုံခြံုရေးအေဂျင်စီတွေအနေနဲ့ မသိဘဲ ဖြစ်ချင်ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က စစ်တကောင်းမှာ လက်နက်တွေ အစုလိုက်အပြုံလိုက်သိမ်းဆည်းရမိခဲ့နောက်ပိုင်းကတည်း ယင်းလှုပ်ရှားမှုကို အိန္ဒိယအနေနဲ့ စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။ " အရှေ့ပိုင်းဒေသမှာ နောက်ထပ် ကက်ရှ်မီးယား ဒါမှမဟုတ် အာဖဂန်နစ္စတန်လိုမျိုး ထပ်ဖြစ်မလာစေချင်တော့ပါဘူး" လို့ ၎င်းက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့အနေနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ဖလှယ်သိရှိခွင့်ရဖို့အတွက် ဒေသတွင်း ထောက်လှမ်းရေးကွန်ရက် ထူထောင်ရမှာဖြစ်ကြောင်း ၎င်းက ယင်းကွန်ဖရင့်မှာ ထပ်လောင်းပြောသွားပါတယ်။

စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က လက်နက်တွေအပြံုလိုက် သိမ်းဆည်းရမိခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒါဟာ အိန္ဒိယအရှေ့မြောက်ခြမ်းမှာ သူပုန်အုပ်စုတွေ ရှိနေတာ၊ ယင်းတို့က ဘင်္ဂါလီ ဂိုဏ်းတွေဆီ သွားရောက်ပူးပေါင်းနိုင်တယ်ဆိုတာကို အဓိပ္ပါယ်ဖော်လို့ရတယ်လို့ ၎င်းက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ Motiur Rahman Nizami (Jamaat e Islami) နဲ့ Lutfur Zaman Babar (BNP) နဲ့အတူ ထောက်လှမ်းရေးအရာရှိနှစ်ဦးဖြစ်သလို ISI ရဲ့ အေဂျင့်တွေလည်း ဖြစ်ခဲ့ကြတဲ့ Rezakul Haiuder Chowdhury နဲ့ Abdur Rahim တို့ကို ဘင်္ဂလားဒေ့ရှ် အထူးတရားရုံးတစ်ခုက သေဒဏ်ချမှတ်ခဲ့ပါတယ်။ Haiuder Chowdhury နဲ့ Abdur Rahim တို့နဲ့ ISI အဆက်အသွယ်တွေအကြား တွေ့ဆုံစည်းဝေးခဲ့မှုနဲ့ပတ်သက်လို့ စာချက်နှာ ရ၂ ခုပါတဲ့ အသေးစိတ်အချက်အလက်တွေကို စစ်တကောင်းတရားရုံးက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ပါကစ္စတန်ရဲ့ Lashkar e Tayyaba က HUJI-Arakan နဲ့အတူ လက်တွဲလှုပ်ရှားခဲ့မှုတွေကို အသေးစိတ်ဖော်ပြထားတဲ့ ၎င်းရဲ့ ကွန်ဖရင့်စာတမ်းမှာလည်း Khanna က ရည်ညွှန်းပြောဆိုသွားပါသေးတယ်။ " ARSA တွေက ပထမမှာတော့ အစွန်းမရောက်တဲ့ ဘင်္ဂါလီတွေကို အရင်ပစ်မှတ်ထားခဲ့တာပါ၊ ပြီးခါကျမှ ဟိန္ဒူနဲ့ မြို တိုင်းရင်းသားတွေကို သတ်ဖြတ်ခဲ့တာပါ၊ ပြီးမှ လုံခြံုရေးတပ်ဖွဲကတွေကို တိုက်ခိုက်ခဲ့တာပါ၊ အားလုံးကတော့ ကက်ရှ်မီးယား ပုန်ကန်မှု ပုံစံမျိုးအတိုင်းပဲ ဖြစ်နေပါတယ်" လို့ Khanna က ပြောပါတယ်။

ဒါကြောင့်လည်း အနောက်အုပ်စုအနေနဲ့ ဒီရခိုင်ကိစ္စမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ထောက်ခံတယ်ဆိုပြီး တလွဲအမှားတွေ မလုပ်ဘဲ ရခိုင်မှာ ဂျီဟတ်ဇုန်တစ်ခု ဖန်တီးဖို့ အားထုတ်နေမှုတွေကိုသာ သဘောပေါက်နားလည်အောင် လုပ်ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေသာ အမှန်ရှိနေရင် ခွင့်လွှတ်ပေးရမယ်လို့လည်း ဘယ်သူကမှ ပြောနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ခု ရခိုင်အကျပ်အတည်းကိစ္စက လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုသက်သက်လိုမျိုး  ကျေးဇူးပြုပြီး မမြင်ကြစမ်းပါနဲ့။ ဒါဟာ မြန်မာနိုင်ငံအတွက် လုံခြံုရေးအကျပ်အတည်းကိစ္စတစ်ခုဖြစ်ပါတယ်။ အနောက်အုပ်စုအနေနဲ့ ကတော့ ဆဒမ် ဟူစိန်နဲ့ ဘာရှာ အယ်လ် အာဆတ်တို့လို့ အာဏာရှင်တွေကို ဖြုတ်ချဖို့ ဒါမှမဟုတ် ဖြုတ်ချဖို့ ကြိုးစားရင်း ISIS လို အဖွဲ့တွေ ပေါက်ပွားရာနေရာကို ဖန်တီးခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ အဓိပ္ပါယ်မရှိ ရယ်စရာ အခြေအနေတစ်ခု ဆီ ရောက်ခဲ့ရပါတယ်။ အဲဒီမှာလည်း အမေရိကန်တို့အနေနဲ့ ဘင်လာဒင် ကို သတ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုပင်ဦးတော့၊ အာဆတ်ကို ဆန့်ကျင်တဲ့ အယ်လ်ကေးဒါး လိုလားတဲ့ အဖွဲ့တွေကို အားပေးအားမြှောက်ပြုမိနေတာကိုပါ သွားတွေ့ရမှာဖြစ်ပါတယ်။ ပျက်ဆီးမှုတွေ ရှိနေတဲ့ နိုင်ငံကို နောက်ထပ် ဘေးဒုက္ခတွေ ထပ်မယူလာကြပါနဲ့တော့၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ဟာ မြန်မာနဲ့ အရှေ့အာရှဒေသတို့က တကယ့်မြေပြင်အခြေအနေကို အမှန်တကယ်လည်း နားမလည်ဘဲနဲ့ တအားရယ်စရာ ကောင်းတဲ့ အိုင်ဒီယာတွေနဲ့ တင်ဆက်လာနေလို့ပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတေလာဆန် ရဲ့  မြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmud Ali ခရီးစဉ် ရှိပါတယ်။ မြန်မာအနေနဲ့ကတော့ တေလာဆန်နဲ တွေ့ရာမှာ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအရေးကိုပဲ အာရုံုစိုက်ဖို့၊ ရခိုင်ကိစ္စကိုတော့ မိမိဘာသာပဲ ရှင်းမယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အကူအညီတစ်ချို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်နဲ့လည်း လက်တွဲရှင်းလို့ ရနိုင်ပါသေးတယ်။

(ဦးဘတင်က ဒေသတွင်း စာရေးသူတစ်ဦးရဲ့ ကလောင်ခွဲအမည်တစ်ခုဖြစ်သည်၊ ဒီဆောင်းပါးထဲတွင် ဖော်ပြထားသည့် အတွေးအမြင်များက ဆောင်းပါးရှင်၏ အာဘော် သက်သက်သာ ဖြစ်ပါသည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly