နေပြည်တော်မှာ တရားစွဲခံရတဲ့ နိုင်ငံခြားသတင်းထောက်များအမှု ပိတ်သိမ်းပေးဖို့ လျှောက်ထား

နေပြည်တော်မှာ တရားစွဲခံရတဲ့ နိုင်ငံခြားသတင်းထောက်များအမှု ပိတ်သိမ်းပေးဖို့ လျှောက်ထား
စင်္ကာပူနိုင်ငံသား LAU HON MENG(အင်္ကျီအပြာရောင်)အား ရုံးထုတ်လာစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြီးခဲ့တဲ့ လကုန်ပိုင်းက နေပြည်တော်၊ လွှတ်တော်အနီးမှာ ဒရုန်းလွှတ်တင်ရင်း မိနစ်ပိုင်းအတွင်း ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး အပါအဝင် စုစုပေါင်း ၄ဦးကို အမှုပိတ်ပေးဖို့ တရားစွဲခံရသူတွေရဲ့ ရှေ့နေတွေက ဒီကနေ့ ဒုတိယမြောက် ရုံးချိန်မှာ လျှောက်ထားလိုက်ပါတယ်။

တရားစွဲဆိုခံထားရသူ လေးဦးကို ပထမအကြိမ် ရုံးချိန်မှာ ထောင်ဒဏ် ၂လကျခံဖို့ ပုဒ်မ နောက်တစ်ခုနဲ့ အမိန့်ချမှတ်ထားပြီးတဲ့အတွက် ကနဦးစွဲဆိုထားတဲ့ အမှုကို ပိတ်သိမ်းပေးဖို့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ ရှေ့နေတွေက လျှောက်ထား၊ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ ကနဦး တရားစွဲဆိုထားတာဖြစ်ပေမယ့် ပထမဆုံးအကြိမ် ရုံးထုတ်တဲ့ နိုဝင်ဘာ ၁၀ရက်နေ့မှာတော့ နောက်ထပ်တိုးလာတဲ့ ပုဒ်မတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀နဲ့ သူတို့ လေးဦးစလုံးကို ထောင်ဒဏ် ၂လစီ ကျခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။

မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀အရ လေပေါ်ပျံနိုင်တဲ့ ပစ္စည်းကို သုံးစွဲတာ၊ ပျံသန်းတာ၊ တည်ဆောက်တာ၊ ပြည်ပက တင်သွင်းလာတာ၊ ပြည်ပကို တင်ပို့တာတွေ ကျူးလွန်ရင် အပြစ်ပေးလို့ရတယ်ဆိုပြီး ပြဌာန်းထားပါတယ်။

ဒါကြောင့် အဲ့ဒီဥပဒေ ပုဒ်မ ၁၀နဲ့ ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်တဲ့အတွက် ဒရုန်းကို အကောက်ခွန်မဲ့ ပြည်ပက တင်သွင်းလာတယ်ဆိုပြီး ကနဦး စွဲဆိုထားတဲ့ ပို့ကုန်၊ သွင်းကုန်ဥပဒေနဲ့ ထပ်မံ မစွဲဆိုသင့်ဘဲ ဥပဒေကြောင်းအရ အမှု ပိတ်သိမ်းသင့်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“ဥပဒေမှာက အခြေခံမူ တစ်ခုရှိတယ်။ လူတစ်ယောက်ကို ပြစ်မှုတစ်ခုနဲ့ နှစ်ခါ အပြစ်မပေးမရဘူး” လို့ တရားစွဲခံရသူတွေဘက်က အမှုလိုက်ပေးတဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဒီကနေ့ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမှုပိတ်ပေးဖို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်အပေါ် မြို့နယ်ဥပဒေအရာရှိက စာရေးသားပြီး ရုံးတော်ကို ပြန်လည်တင်ပြမယ်လို့ တရားခွင်မှာ ပြောခဲ့တာကြောင့် ရုံးချိန်းကို လာမယ့် ၂၀ရက်နေ့မှာ တရားသူကြီးက ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀နဲ့ ထောင် ၂လ ချမှတ်ခံထားရသူ လေးဦးကို ရမည်းသင်းထောင်ကို ပြန်လည် ပို့ဆောင်ပြီး သူတို့အနေနဲ့ လာမယ့် ရုံးချိန်းမှာ အမှုကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထောင် ၂လစီ ချမှတ်ခံထားရသူ လေးဦးဟာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်္ကာပူနိုင်ငံသား LAU HON MENGနဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဘာသာပြန် ကိုအောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ လွှတ်တော်အမတ်တစ်ဦးနဲ့ အင်တာဗျူးလုပ်ဖို့ နေပြည်တော်ကို လာရောက်ရင်း စင်္ကာပူနိုင်ငံသား LAU HON MENG က လွှတ်တော်အနီးမှာ အောက်တိုဘာ ၂၇ရက်နေ့၊ မနက် ၁၀နာရီလောက်မှာ ဒရုနု်းလွှတ်တင်ပြီး ၃မိနစ်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ LAU HON MENG ဒရုန်းလွှတ်တင်တာကို ကားထဲမှာ စောင့်နေတဲ့ ၃ယောက်က မသိကြဘူးလို့ ကာယကံရှင်တွေက ပြောပါတယ်။

အဲ့ဒီနောက် ဒရုန်းကို အခွန်မဆောင်ဘဲ သွင်းလာတယ်ဆိုပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ နေပြည်တော် အမှတ် ၅ရဲစခန်းမှာ စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက တရားလိုအဖြစ် အမှုဖွင့်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ပုဒ်မဟာ ၃နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင်တယ်ဆိုပြီး ပြဌာန်းထားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags