ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၃)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၃)

မေး။   ။ အသင့်သုံး ကော်ဖီမစ်တွေ တစ်နေ့ကို ၂ ခွက် ၃ ခွက်လောက် သောက်တဲ့အခါမှာ ဆီးချိုသွေးချိုဖြစ်ဖို့ အားပေးပါလားခင်ဗျ ။

ဖြေ။    ။ ကျွန်တော်တို့က ဘာပြောထားလဲဆိုတော့ ဆီးချိုသမားတွေ သီးသန့်စားသောက်ရမယ့် အစားအစာဆိုတာ မရှိဘူး။ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ရင် ဒါ ဆီးချိုသမားတွေ စားတာနဲ့ အတူတူပဲပေါ့နော်။ အချိုလုံးဝ မစားရဘူးလို့လည်း မဆိုလိုဘူး ၊ သို့သော် ဆီးချိုတက်တဲ့နေ့ မှာ အချိုမစားရဘူး။ မစားမီ ၁၃၀ ၊ စားပြီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။ ကျော်တဲ့နေ့ မစားနဲ့ မကျော်ရင် စားပဲ။ မကျော်ရင် အကုန်စားလို့ရတယ်။ အသီးဆိုရင် ကျွန်တော်တို့က နှစ်ပိုင်းထား တယ်။ ချဉ်တဲ့အသီး အကုန်ကျွေးတယ်။ ချိုတဲ့အသီးဆိုရင် စစ်လိုက်တယ် တက်နေတဲ့နေ့တော့ မစား တာကောင်းတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ မှာချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အခု သောက်နေတဲ့ ကော်ဖီမစ်တွေ အကုန်လုံးက အသင့်သုံးဆိုတဲ့အတွက်ကြောင့်မို့ သကြားတွေပါတယ်။ အဲဒီအတွက်ကြောင့်မို့ အများကြီးသောက်ရင်တော့ ဆီးချိုဖြစ်မှာပဲ။ ဖြစ်နိုင်တဲ့အထဲမှာလည်း ပါတယ် ပေါ့။ အဲဒီတော့ ဆီးချိုသမားတွေက ကျွန်တေ်ာတို့သောက်နေတဲ့ ကော်ဖီမစ်တွေထဲမှာ သကြားတွေ ပါတဲ့အတွက်ကြောင့်မိုလို့လည်း ဆီးချိုတက်တဲ့နေ့မှာ မသောက်တာ အကောင်းဆုံးပါပဲ။ အဓိက ကတော့ အချိုရည်တွေကို မသောက်သင့်ပါဘူး အချိုရည်တွေက ဆီးချိုဖြစ်တာ အရမ်းမြန်ပါတယ်။ အချိုရည်သောက်ချင်ရင် သံပုရာရည်လေးသောက် ၊ ဆီးချိုသကြားလေး ထည့်သောက် ဒီလိုနည်းနဲ့ ကျွန်တေ်ာတို့ ဖျော်သောက်လို့ရပါတယ်။

မေး။   ။ အစာစားပြီးရင် ၁၃၀ ရှိပါတယ်။ ကျောက်ကပ်ထိနိုင်ပါသလား သိချင်ပါတယ် ။

ဖြေ။    ။ ကျွန်တေ်ာပြောသလိုပေါ့နော် ဆေးတွေ ဘယ်လိုသောက်ရမယ်ဆိုတာ မစားမီ ၁၃၀ စားပီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။အဲဒါမကျော်ရင်တော့ အိုကေတယ်လို့ သတ်မှတ်တယ်။ ကျွန်တော်ပြောချင်တာကတော့ ၃ လတစ်ခါ ပျမ်းမျှ သွေးချိုပေါ့နော်။ အဲဒါက ရ ရာခိုင်နှုန်း မကျော်ရပါဘူး။ အဲဒီလိုမကျော်ရင် ကျောက်ကပ်မထိပါဘူး။ အဲဒီတော့ မက်ဖော်မင်ဆိုတဲ့ ဆေးကိုလည်း အမျိုးမျိုးပြောကြတယ်။ မက်ဖော်မင်ဆိုတဲ့ဆေးကိုသောက်လို့ ကျောက်ကပ်ထိတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ကျောက်ကပ်ထိလို့ မက်ဖော်မင် မသောက်ရတာပါ။ အဲဒီတော့ ဆီးချိုသွေးချိုဆေးကို မှန်အောင်သောက်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆီးချိုသမား ၁၀၀ မှာ ရ၀ ရာခိုင်နှုန်းလောက်က တော့ နှလုံးသွေကြောပိတ်ပြီး သေတာပါ။ လေဖြတ်တာက ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းလောက် ရှိပါ တယ်။ ကျောက်ကပ်ထိတာက ၁၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆီးချိုသွေးချိုနဲ့ တကယ်သေတာက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့် ဆီးချိုသမား တစ်ယောက်သည် ဆီးချိုသွေးချိုဆေး လည်း သောက်ရတယ် ၊ လိုအပ်ရင် အဆီကျဆေးကိုလည်း သူသောက်ရတယ်။ သွေးတိုးရှိရင် သွေးတိုးကျဆေးလည်း သူသောက်ရတယ်။ ဆေးတွေက ဒီဂဏန်း တွေထဲမှာ ရှိရင် ကောင်းတယ်လို့ ကျွန်တော်တို့က သတ်မှတ်တယ်။ ဒီအတိုင်းပဲ ဆက်သောက်ပါ။

မေး။   ။ ဆီးချိုကြောင့် သတိနဲ့ နေထိုင်စားသောက်ပါတယ် ။ ဒါပေမယ့် ဆီးသွားပြီးတိုင်း ၁ မိနစ် လောက်ကြာမှ ဆီးကျန် ၁ စက် ၂ စက် ထွက်တာကရော ကျောက်ကပ် ပျက်ဆီးနေပြီလားဆိုတာ သိချင်ပါတယ် ။

ဖြေ။    ။ ကျွန်တော်ကတော့ သိပ်မထင်ဘူး။ အဲဒါက တစ်ခါတစ်လေ အသက်ကြီးတဲ့လူတွေဆီမှာက ဆီးကျိတ်ကြီးတယ်လေ။ ဆီးကျိတ်ကြီးတဲ့အတွက်ကြောင့် ဆီးကျန်တာ ဖြစ်တတ်ပါတယ်။ ဆီးသွားပြီး ရင် မကုန်ဘူးပေါ့။ တစ်စက်နှစ်စက် ထွက်နေတာက ဆီးကျိတ်ကို စစ်ဆေးပါလို့ ကျွန်တော် ပြောချင်ပါ တယ်။ ကျောက်ကပ်ထိမထိ သိချင်ရင်တော့ သွေးထဲမှာ ဆီးဆိပ် တက်လား မတက်လားဆိုတာ စစ်ကြည့်ရင်ရပါတယ်။ နောက်တစ်ခုက ဆီးထဲမှာ အသားဓာတ် အယ်ဗျူမင် ပါမပါဆိုတာ စစ်ကြည့်လို့ ရပါတယ်။ အဲဒီနှစ်ခုကို စစ်ကြည့်ချင်းအားဖြင့် ကျောက်ကပ်ထိမထိကို ကျွန်တေ်ာတို့ သိနိုင်ပါတယ်။

မေး။   ။ ဆီးချိုသမားတွေအတွက် တစ်နေ့တာ အစားအစာတွေကို ဘယ်လို ချိန်စားရမလဲ။ တစ်နေ့ ဘယ်နှစ်ကြိမ် စားလို့ရပါသလဲ။ စားတဲ့အခါမှာ ဘယ်လောက် အများအပြား စားလို့ရပါသလဲ။ အစားအစာ ထိန်းချုပ်ကုသနည်းလေးကိုရော ပြောပြပေးပါလား ။

ဖြေ။    ။ အစားအသောက်နဲ့ပတ်သက်လို့ ကျွန်တော်ကတော့ အဓိက နှစ်မျိုးခွဲလိုက်တယ်။ ဝ တဲ့ဆီးချို သမားလား ၊ ပိန်တဲ့ ဆီးချိုသမားလာ။ ဝ တဲ့ ဆီးချိုသမားဆိုရင်တော့ ဝတဲ့ခန္ဓာကိုယ်ကို ထိန်းချင် တယ်။ လက်ရှိရဲ့ 5 to 10 ရာခိုင်နှုန်းလောက် ကျစေချင်တယ်။ အဲဒါကြောင့် အစားအသောက်ကို လျော့စား ခိုင်းတယ်။ အဲဒီတော့ ကယ်လိုရီပေါ့။ တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်လောက် ထားရ မလဲဆိုတော့ အကြမ်းဖျဥး်တော့ ကယ်လိုရီတွက်တဲ့ဟာကတော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ ကိုယ်ဘာလုပ်သလဲဆိုတာနဲ့ပဲ ဆိုင်တယ်။ ကိုယ်က ရုံးလုပ်ငန်းမှာလုပ်တယ်။ လှုပ်ရှားမှုသိပ် မရှိဘူး။ အဲဒါဆိုရင် ကျွန်တေ်ာတို့က ကယ်လိုရီ နည်းနည်းလျော့ခိုင်းတယ်။ ဥပမာဆိုပါစို့ ဒီနေ့ကို ၁၅၀၀ လောက်ပဲစားပါ တစ်နေကုန်ပေါ့။ အဲဒီတော့ တကယ်တမ်း သူက အလုပ်ကြမ်းလုပ်နေတဲ့သူ ဆိုရင် တော့ ၂၀၀၀ လောက် လိုနေပြန်ရော။ အဲဒီတော့ ဘာမှမလုပ်ပဲ အိမ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အဖိုး အဖွားတွေကျတော့ ၁၂၀၀ လောက်ဆိုရင် တော်လောက်ပါပြီပေါ့။ ဒါက အကြမ်းဖျဉ်းပေါ့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ပြဿနာက ဒီအစားအသောက်ထဲမှာ ကယ်လိုရီ ဘယ်လောက်ပါတယ် ဆိုတာကို မသိဘူး။ ကျွန်တော်တို့ စာအုပ်တစ်အုပ် ထုတ်ထားတာလေး ရှိပါတယ်။ အဲဒါလေးလည်း ပြည်သူလူထု လက်ထဲကို ကျယ်ကျယ်ပြန့်ပြန့် မရောက်ဖူးပေါ့နော်။ အကြမ်းအားဖြင့် ကျွန်တော်တို့ Special ကြေးအိုး တစ်ခွက်လောက် စားလိုက်ရင် ၁၀၀၀ လောက်ဖြစ်သွားပြီ။ အဲဒီတော့ တစ်ကယ် တမ်း ၁၂၀၀ လောက်ပဲ စားရမယ်ဆိုရင်တော့ ကျွန်တော်တို့က တစ်နေ့ကို ကြေးုအိုးက တစ်ခွက် လောက်ပဲ စားလို့ရ မယ်။ ဆိုတော့ ဒီ ကယ်လိုရီနဲ့ပတ်သက်လို့ ကျွန်တေ်ာတို့ အများကြီးလုပ်ဖို့ လိုပါ တယ်။ ဒါက ကျွန်တော်တို့အပြစ်ပါ။ ကျွန်တော်တို့ ကျွမ်းကျင်ပညာရှင်တွေက ပြည်သူလူထုကို ဒီအစားအသောက် တွေထဲမှာ ကယ်လိုရီ ဘယ်လောက်ရှိနေတယ်ဆိုတာကို ပြောပြဖို့လိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ အစားအသောက်နဲ့ပတ်သက်လို့ ပြန်ပြောရရင် ကြိုက်သလောက်စားလို့ ရတဲ့ အစားအသောက်က အသားငါးနဲ့ ဟင်းသီးဟင်းရွက်နဲ့ ပဲတွေ ကြိုက်သလောက် စားလို့ရပါတယ်။ အသင့်တင့်စားရမှာက ဆန်၊ ဂျံု၊ ခေါက်ဆွဲပေါ့။ အဓိကကတော့ ပမာဏနဲ့လည်းဆိုင်တယ်။ တစ်နေ့ကို ဘယ်နှစ်ကြိမ်စားရမလဲဆိုတာကိုလည်း အတိအကျ သတ်မှတ် ထားတာ မရှိပါဘူး။

မေး။   ။ A1C က 6.1 ကနေ 5.9 ကို ကျလာပါပြီ။ ဆက်ပြီိး 5.7 ကို ဆက်ကျလာရင် သာမာန်လူလို လူကောင်းဖြစ်သွားနိုင်ပြီလား။ ဆီးချိုဖြစ်လာလို့် သတိနဲ့ နေထိုင်စားသောက်ရင် ရေရှည်မှာ ဆီးချို မဖြစ်တော့တဲ့သူ ဖြစ်နိုင်မလားဆိုပြီးတာ သိချင်ပါတယ်။

ဖြေ။    ။ သူက လက်ရှိ ဆီးချိုရှိနေတဲ့လူဆိုရင်တော့ သူက ဆိီးချိုဆိုတာ ပျောက်တယ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီ A1C ဆိုတာကို (၃) လတစ်ခါ စစ်ရပါတယ်။ ဆီးချိုတွေ အားလုံးကို ရက်ပေါင်း (၉၀) နဲ့ စားပစ်လိုက်တာပေါ့။ ဒါက ထိန်းချုပ်မှု ကောင်းမကောင်း ကြည့်ရတာ ပေါ့။ ဒီဟာက ထိန်းချုပ်မှုက အရမ်းကို ကောင်းနေတယ်။ သုံးလတစ်ခါစစ်လို့ (၇) အောက်ကို ရောက်ပြီ ဆိုရင် ကျွန်တော်တို့က အများကြီးကျေနပ်တယ်။ ဒါဆိုရင် ကျောက်ကပ်ကို မထိတော့ဘူး။ သူက လက်ရှိ ဆီးချိုရှိနေတဲ့လူဆိုရင်တော့ ဒီအတိုင်းလေးပဲ ဆက်ထိန်းထားပါ။ ဒီလိုပဲ ဆေးသောက် ပါ။ ဒီအစားအသောက်အနေအထိုင်တွေ မှန်နေပါသည်ပေါ့နော်။ သူက လုံးဝ မရရှိတဲ့လမ်းကိုတော့ ရောက်ဖို့ ခဲယဉ်းတယ်။ သို့သော် နုခါစဆိုရင်ရတယ်။ အဲဒီလိုမျိုးဆိုရင် အဆင့်သုံးဆင့်ရှိတယ်။ ဆီးချိုက နုခါစမှာ အစားအသောက်နဲ့ ထိန်းလိုက်ရင် ဘာဆေးမှမသောက်ပဲနဲ့ နေလို့ရပါတယ်။ ဒါကတော့ ဆီးချိုရှိတဲ့လူပေါ့။ ဆီးချိုမရှိတဲ့လူတစ်ယောက်က ဒီ A1C စစ်လိုက်ရင် 6.5 ကျော်ရင် ဆီးချိုရှိတယ်လို့ သတ်မှတ်တယ်။ 5.7 အောက်မှာ ဆီးချိုမရှိဘူးလို့ သတ်မှတ်တယ်။ ဒါက မဖြစ်သေး တဲ့လူပေါ့နော်။ 5.7 အောက်မှာမရှိဘူး 6.5 ဆိုရင် ရှိတယ်။ ဖောက်စစ်လိုက်လို့ 5.8 နဲ့ 6.4 ကြားဆိုရင် တော့ ဆီိးချိုဖြစ်တော့မယ် ဖြစ်နိုင်ချေရှိပြီ သတိထားတော့ အစားအသောက်အနေအထိုင် သတိထား တော့လို့ ပြောပါတယ။် လက်ရှိကတော့ အခုမေးတဲ့သူက ဆီးချိုုရှိတဲ့လူဆိုရင်တော့ ထိန်းချုပ်မှုအား ကောင်းတယ်လို့ ပြောလို့ရပါတယ်။

မေး    ။ အင်္ဂလိပ်ဆေးမသောက်ပဲ မြန်မာတိုင်းရင်းဆေးသောက်တာ ၈၀ ၊ ၁၈၀ ၊၂၀၀ ဝန်းကျင် ထိန်းထားနိုင်ပါတယ်။ အင်္ဂလိပ်ဆေးသောက်ရန် လိုအပ်ပါသလား ။ အင်္ဂလိပ်ဆေးနဲ့ မြန်မာဆေးက တွဲပြီးတော့ရော သောက်လို့ရလားခင်ဗျ။

ဖြေ။    ။ ကျွန်တော်တို့ရဲ့ သီအိုရီအရတော့ ဆီးချိုသွေးချိုသမားတွေကတော့ ဘာဆေးသောက် သောက် ကျွန်တော်ပြောတဲ့ ကိန်းဂဏန်းအောက်ကိုရောက်ရင် ရတယ်။ မစားခင်မှာ ၁၃၀ စားပြီး ၂ နာရီအတွင်းမှာ ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။ သုံးလတစ်ခါစစ်ရင် A1C က (၇) ကို မကျော်ရဘူး။ အဲဒီထဲကိုရောက်ရင် ကျေနပ်တယ်။ သူ့ဘာသာသူ မြန်မာဆေးသောက်သောက် အင်္ဂလိပ်ဆေးသောက်သောက် တွဲပြီးတော့ပဲ သောက်သောက် ဘာဆေးမှမသောက်ပဲနဲ့ အစား အသောက်နဲ့ထိန်းထိန်း ဒီအတွင်းထဲမှာရှိရင် ကျေနပ်တယ်။ အဲဒီတော့ ကျွန်တော်တို့က အင်္ဂလိပ် ဆေးမှ သောက်ပါလို့ မတိုက်တွန်းဘူး။ မြန်မာဆေးသောက်ရင်လည်း ဒီကြားထဲမှာရှိရင် ကျေနပ် တယ်။ ရပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။   ။ ဆီးချိုဖြစ်တဲ့ အမျိုးသားတွေမှာ ပန်းသေ ပန်းညှိူး ဖြစ်ရင် ကုသလို့ရပါသလား ။ ဆီးချိုကြောင့် ကာမစိတ် လျော့လာတယ်ဆိုရင် ဘယ်လိုမျိုး ပြုမူနေထိုင်သင့်ပါသလဲ ။

ဖြေ။    ။ ဟုတ်ပါတယ်။ အဲဒါက ဆီးချိုသွေးချို အမျိုးသားတွေမှာလည်း တော်တော်ဒုက္ခပေးတယ်။ သူတို့တင်မကဘူး သူတို့ရဲ့ အိမ်ထောင်ဘက် အမျိုးသမီး လိင်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေလည်း မကျေနပ်တာတွေရှိတယ်။ တော်တော်ကြီးကို ပြဿနာ ကြီးကျယ်တဲ့အထဲမှာ ပါပါတယ်။ ဆီးချိုသွေးချိုက ပန်းသေပန်းညှိုးရှိလားဆိုတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်အချက်က သွေးချိုဆီးချိုက သွေးကြောတွေကို ထိတယ်။ လိင်တံကိုသွားတဲ့ သွေးကြောတွေ ကျဉ်းသွားရင် သွေးမရောက်တော့ဘူး။ သွေးမရောက်ရင် လိင်ဆက်ဆံနိုင်လောက်အောင် မာတောင့်မှု မရှိတော့ဘူး။ အဲဒါကလည်း ပြဿနာရှိတယ်။ နံပါတ်နှစ်က အာရုံကြောတွေကို ထိတတ်တယ်။ ဒါကြောင့် ပန်းသေ ပန်းညှိုးက ဆီးချိုသွေးချိုသမားတွေမှာ ရှိပါတယ်။ ဒါကြောင့်မို့ တော်တော်လေးလည်း ဒုက္ခပေးပါ တယ်။  ပျောက်အောင်တော့ ကုသဖို့ မလွယ်ပါဘူး။ သို့သော် ကူညီိပေးလို့တော့ ရပါတယ်။ ကျွန်တော် တို့ကတော့ ပွင့်ပွင့်လင်းလင်းမေးပြီးတော့ သက်သာအောင် ကောင်းမွန်အောင် လုပ်ပေးလို့ရပါတယ်။ နောက်ပြီး စိတ်ဆန္ဒ နည်းတာကျတော့ အဓိကကတော့ လေ့ကျင့်ခန်းပဲ။ များသောအားဖြင့် ကျွန်တော် တို့ ကြည့်လိုက်တော့ ပန်းသေပန်းညှိုးရဲ့ ၈၀ ရာခိုင်နှုန်းက စိတ်ဖိစီးမှုတွေ အရမ်းများလို့ပါ။ အဲဒီလို စိတ်ဖိစီးမှုတွေ များတဲ့အခါမှာ ဒီဘက်ကို အာရုံမရောက်နိုင်လို့ ပန်းသေးပန်းညှိုးက ဖြစ်တာများပါ တယ်။ အဲဒီတော့ ဖိအားတွေကို လျော့ပါ။ လေ့ကျင့်ခန်း များများလုပ်ပါ။ ဒါဆိုရင်တော့ ဒီဆန္ဒတွေ ပိုပြီးတော့ ကောင်းလာပါလိမ့်မယ်။    ။

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၁)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၂)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly