စက်သုံးဆီအရောင်းဆိုင်မြို့ပြင်ထုတ်ပေးရေး အဌမအကြိမ်မြောက် ဆန္ဒထုတ်ဖော်

စက်သုံးဆီအရောင်းဆိုင်မြို့ပြင်ထုတ်ပေးရေး အဌမအကြိမ်မြောက် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ-ဗိုလ်ပြည့် ( တောင်တွင်းကြီး )

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ မြို့လယ်လမ်းဆုံအနီးရှိ နယူးဒေး စက်သုံးဆီ အရောင်းဆိုင် မြို့ပြင်ထုတ်ပေးရး အဋ္ဌမအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ နိုဝင်ဘာ (၁၆) ရက် ၊ နံနက် (၉) နာရီ (၁၀) မိနစ်အချိန်ခန့်က အဆိုပါ စက်သုံးဆီ အရောင်းဆိုင် ၀င်ပေါက်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာ ဌာနများသို့ တရားဝင် ခွင့်ပြုချက် တင်ပြတောင်းခံ၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး တောင်တွင်းကြီးမြို့သည် စစ်ကိုင်းပြတ်ရွှေ့ ငလျှင်ကြောနှင့် မိုင် (၇၀) ခန့်သာ ကွာဝေးသဖြင့် ငလျှင် အကြီးအကျယ် လှုပ်ပါက စက်သုံးဆီဆိုင် ပေါက်ကွဲ မီးလောင်နိုင်ကာ မီးဘေးအန္တရာယ် စိုးရိမ်ရသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ရွှေအိုး (၁) ရပ်ကွက်နေ ဦးစိုးမင်း (ခ) ဦးစော်ဘွားကြီးက ပြောကြားသည် ။

ထိုသို့ ဆန္ဒထုတ်ဖော်ရန်အတွက် ဦးစိုးမင်း (ခ) ဦးစော်ဘွားကြီး အပါအဝင် အင်အား (၁၃) ဦးခန့်ပါ၀င်မည်ဟု တင်ပြထားရှိသော်လည်း အခြားသူများမှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက်နိုင်ခဲ့ခြင်း မရှိပဲ ဦးစိုးမင်း (ခ) ဦးစော်ဘွားကြီး အပါအဝင် မောင်းတိုင် (၂) ရပ်ကွက်နေ ဦးသာအောင် နှင့် ဦးသာစိုး ၊ အုန်းတော (၁) ရပ်ကွက်နေ ဦးကျော်ဝင်း တို့ (၄) ဦးသာ လာရောက်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်နေချိန်တွင် မည်သည့် ကြွေးကြော်မှုမျိုးမျှ ပြုမူခင်းမရှိပဲ အလျား (၆) ပေ ၊ အနံ (၃) ပေခန့်ရှိ အနီရောင် ဗီနိုင်း ပိုစတာပေါ်တွင် အဖြူရောင်စာလုံးဖြင့် " မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ မြို့လယ်လမ်းဆုံရှိ ပုဂ္ဂလိကပိုင် အမှတ် (၅၄) နယူးဒေး စက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွှေ့ရေး (၈) ကြိမ်မြောက် လူထုဆန္ဒထုတ်ဖော်ပွဲဟု ရေးသားထားသော ပိုစတာအနီးတွင် ၀စီပိတ်ထိုင်ကာ နံနက် (၁၀) နာရီ အချိန်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ အရောင်းဆိုင် မြို့ပြင်ပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်ခြင်းကို လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နှင့် (၂၆) ရက်နေ့များတွင် လည်းကောင်း ၊ ဖေဖော်ဝါရီလ (၄) ရက် ၊ (၁၄) ရက် ၊ (၁၅) ရက် ၊ (၂၆) ရက် နေ့များတွင် လည်းကောင်း ၊ မေလ (၈) ရက်နေ့တွင် လည်းကောင်း ၊ စုစုပေါင်း (၇) ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခု အကြိမ်သည် အဌမ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည် ။

အဆိုပါ နယူးဒေး စက်သုံးဆီအရောင်းဆိုင် မြို့ပြင်သို့ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိမရှိကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ၊ မေလ (၂၉) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်   တောင်တွင်းကြီး မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း က မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူ ချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်တွင် မြို့တွင်း၌ စက်သုံးဆီအရောင်းဆိုင် တည်ဆောက်ဖွင့်လှစ်ခြင်းကို ငြင်းပယ်ထားခြင်း မရှိသကဲ့သို့ မြို့ရွာများအတွင်း မူလရှိနှင့်သည့် စက်သုံးဆီအရောင်းဆိုင်များအား မြို့အပြင်သို့ထုတ်ရန်လည်း ညွှန်ကြားချက် တစ်စုံတစ်ရာမပါရှိကြောင်း ဖြေကြားခဲ့သည် ။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်နိမိတ် နယ်မြေများ အတွင်း ၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအပြင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်များပါ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားခြင်းသည်

မြို့နေပြည်သူများ၏ ယာဉ်များ၊ သယ်ယူပို့ဆောင် ရေးယာဉ်များ၊ အုပ်ချုပ်မှုသုံးယာဉ်များ အဆင်ပြေချောမွေ့စွာ ဝယ်ယူဖြည့်တင်းနိုင်ရေး အလေးထား ခွင့်ပြုပေးထားရခြင်းဖြစ်သဖြင့် တောင်တွင်းကြီးမြို့ရှိ နယူးဒေး စက်သုံးဆီ အရောင်းဆိုင်သည် ဒေသအတွင်းခွင့်ပြုသင်‌့သော အခြေအနေတစ်ရပ်ဖြစ်သောကြောင့် နယူးဒေးစက်သုံးဆီအရောင်းဆိုင်ကို မြို့ပြင်ရှိသင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိ ပါကြောင်း အဆိုပါ ဒုတိယ ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly