ဘင်္ဂါလီလူမျိုးအား ပြန်လက်ခံရာတွင် ဒေသခံ မြန်မာနိုင်ငံသားစစ်စစ်များဆန္ဒကို အလေးထားရမည်ဟု တပ်ချုပ် ပြောကြား

ဘင်္ဂါလီလူမျိုးအား ပြန်လက်ခံရာတွင် ဒေသခံ မြန်မာနိုင်ငံသားစစ်စစ်များဆန္ဒကို အလေးထားရမည်ဟု တပ်ချုပ် ပြောကြား
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီ ပြန်လည် လက်ခံရန်အတွက် မြန်မာနိုင်ငံသားစစ်စစ်များဖြစ်သည့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကို အလေးထားရမည်ဖြစ်ကြောင်း ယမန်နေ့က အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီ ပြန်လည် လက်ခံရန်အတွက် ဆောင်ရွက်နေကြောင်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ နှစ်ဖက်စလုံးက လက်ခံနိုင်သည့်အခြေအနေရှိရန်လိုအပ်ကာ မြန်မာနိုင်ငံသားစစ်စစ်များ ဖြစ်သည့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ဆန္ဒကို အလေးထားရမည်ဖြစ်ကြောင်း၊   ဒေသခံရခိုင်တိုင်းရင်းသားများက  လက်ခံမှ သာ ပြည်သူလူထုအားလုံးက ကျေနပ်လက်ခံမှာ ဖြစ်ကြောင်း၊ ၎င်းတို့လက်ခံနိုင်မည့် အခြေအနေမရှိလျင် တစ်ဖက်တွင်နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်သဖြင့် မျှတသည့်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် အကြိမ်ကြိမ်အခါခါ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက်၊ နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အရေး၊ နှစ်နိုင်ငံ တပ်မတော်ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်သမားများ ခြေကုပ်မရယူရေးတို့ပါ ထည့်သွင်း ဆွေးနွေးခဲ့ကြ ပြီး အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel ပါ တက်ရောက်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ တပ်မတော် အင်အားသုံး တိုက်ခိုက်ခြင်းမဟုတ်ဘဲ အကြမ်းဖက်သမားများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မည်ကို ကြောက်ရွံ့သောကြောင့် မိသားစုများပါ ခေါ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် အကြောက်တရားဖြင့်ထိန်းချုပ်ရန်အတွက် ကလေးငယ်များ၊ အမျိုးသမီးများနှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် လူမျိုးတူ ဘင်္ဂါလီများကိုပါမချန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြကြောင်း၊ အခြားဘင်္ဂါလီလူမျိုးများအားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် ခြိမ်းခြောက်မှုများရှိသကဲ့သို့ တတိယနိုင်ငံတစ်ခုခုတွင် နေထိုင်ခွင့်ရမည်ဟူသော ဆွဲဆောင် မက်လုံးပေးမှုများရှိကြောင်း၊ ၎င်းတို့ထွက်ခွာသွားချိန်တွင် ထွက်ပြေးသည့်ပုံစံမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း၊ဟု ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson က “ ကမ္ဘာ့အခြားဒေသမှ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ခြေကုပ်ယူလာနိုင်သည့် အခြေအနေကိုလည်း စိုးရိမ်ရကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြန်လည်လက်ခံရေးကိစ္စများအား အစိုးရက ဆောင်ရွက်မည်ဖြစ်ပြီး တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးမှုများအနေဖြင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်မှုအကောင်အထည် ဖော်ရေး ဗဟိုကော်မတီနှင့် ပြည်နယ်အစိုးရမှ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်ပေးနေပြီး တပ်မတော်မှ ပူးပေါင်းပါ၀င်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပါ ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly