လှိုင်မြို့နယ် သုံးလောင်ပြိုင်လူသတ်မှု လစာတိုးတောင်းရာမှဖြစ်ပွားဟုဆို

လှိုင်မြို့နယ် သုံးလောင်ပြိုင်လူသတ်မှု လစာတိုးတောင်းရာမှဖြစ်ပွားဟုဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် နိုဝင်ဘာ ၁၆ ။          ။ လှိုင်မြို့နယ်၊ လှိုင်သီရီအိမ်ယာတွင် ဖြစ်ပွားခဲ့သော သုံးလောင်ပြိုင် လူသတ်မှုမှ အဓိက သံသယရှိသူကို သုံးနာရီအတွင်း ဖမ်းဆီးဖော်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အတည်ပြုပြီးနောက် လစာတိုးတောင်းရင်းခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အစောပိုင်းတွင်သံသယရှိသူ  ဇွဲလင်းထက်ဆိုသူကို ဖမ်းဆီးစစ်ဆေးရာမှ ၄င်းက ပြစ်မှု ကျူးလွန်ကြောင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ၁၅ ရက်နေ့ ညပိုင်းတွင် လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊လှိုင်သီရိအိမ်ရာ၊ တိုက်(၃)ရှိ အခန်းတစ်ခန်း၌ အပုပ်နံ့ ထွက်နေသည့် အဝါရောင်အရည်များကျဆင်းနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းရာမှ သုံးလောင်းပြိုင်လူသတ်မှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နေအိမ်အတွင်းတွင် မကေသီလှိုင်၊ (၄၀)နှစ်၊၎င်း၏သမီးဖြစ်သူ မသာယာထွန်း၊ (၉)နှစ်နှင့် အလုပ်သမားဖြစ်သူ မအေးမာဦး၊ (၂၅)နှစ်တို့ သေဆုံးနေခြင်းဖြစ်သည်။

ဇွဲလင်းထက် သည် သေဆုံးသူ မကေသီလှိုင်အလုပ်လုပ်သည့် စားသောက်ဆိုင်မှ ၀န်ထမ်းဖြစ်ပြီး လက်တွင် ဓားဒဏ်ရာများရရှိထားကြောင်း သိရှိရာမှ စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဇွဲလင်းထက်၏ ရဲစခန်းထွက်ဆိုချက်တွင် ၄င်းသည် နိုဝင်ဘာ၉ရက် နံနက်စောစောတွင် ဆိုင်မန်နေဂျာဖြစ်သူမကေသီလှိုင်၏ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာတိုးပေး ရန်ကိစ္စ ပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေးနိုင်သေးကြောင်းပြောဆိုခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ မကေသီလှိုင်မှ အိပ်ခန်းအတွင်းရှိ ဓားဦးချွန်ယူပြီး ထိုးမည်ပြုလုပ်သဖြင့် ဓားကိုလုယူကာ မကေသီလှိုင်အား ထိုးခဲ့သည့်အပြင် မအေးမာဦးကိုလည်းဓားဖြင့်ထိုးခဲ့ကြောင်း၊ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် မကေးသီလှိုင်၏ သမီးဖြစ်သူမသာယာထွန်းမှ ၀င်ရောက်ဟန့်တားခဲ့သဖြင့် မသာယာထွန်းကိုလည်း ဓားဖြင့်ထပ်မံထိုးခဲ့ရာ လဲကျသွားခဲ့ကြောင်း၊ မသာယာထွန်းမှာ မသေသေးသဖြင့် နေအိမ်မီးဖိုချောင်ရှိ အသားခုတ်စတီးဓားယူပြီး မသာယာထွန်း၏ ဦးခေါင်းအား ထပ်မံခုတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း၊ နေအိမ်ရှိသူ အားလုံးသေဆုံးသွားပြီးနောက်ငွေကျပ်(၄)သိန်း၊ရွှေထည်ပစ္စည်းများ၊ လက်တော့၊ လက်ကိုင်တယ်လီဖုန်းနှင့်   မော်တော်ကားသော့ယူ ဆောင်ကာ နေအိမ်တံခါးကို အပြင်မှသော့ခတ်ခဲ့ကြောင်း၊ ၎င်းနောက် အောက်ထပ်သို့ဆင်းလာခဲ့ပြီးမကေသီလှိုင် စီးနင်းအသုံးပြုသည့် မော်တော်ယာဉ်အမှတ် 1J----Wish အမျိုးအစားမော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းဖေါ်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly