ဒါဗင်ချီ၏ပန်းချီကား နယူးယောက်လေလံပွဲ၌ စံချိန်တင်လေလံစျေး ဒေါ်လာ ၄၅၀.၃သန်း စျေးရရှိ

ဒါဗင်ချီ၏ပန်းချီကား နယူးယောက်လေလံပွဲ၌ စံချိန်တင်လေလံစျေး ဒေါ်လာ ၄၅၀.၃သန်း စျေးရရှိ

 

နယူးယောက်၊ အမေရိကန်၊ နို၀င်ဘာ ၁၆ ။                 ။ အမေရိကန်နိုင်ငံနယူးယောက်မြို့မှ ခရစ္စတီလေလံကုမ္ပဏီသည် နာမည်ကျော်ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီရေးဆွဲထားသော ပန်းချီကားအား ဒေါ်လာ ၄၅၀.၃ သန်းဖြင့် ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့သည်။

အီတလီခေတ်ဆန်းကာလမှ ဗဟုသုတနှ့ံစပ်သူပညာရှင်ကြီး ဒါဗင်ချီ၏ပန်းချီကားကို Salvator Mundi ဟု ခေါင်းစဉ်ပေးထားပြီး အဆိုပါပန်းချီကားကို လွန်ခဲ့သော ငါးရာစုခန့်အကြာက ရေးဆွဲထားခဲ့ခြင်းဖြစ်သည်။

ထိုပန်းချီကားသည် အင်္ဂလန်ဘုရင်ကြီး ချားလ်စ် ၁ (၁၆၀၀-၁၆၄၉) ၏ ပန်းချီစုဆောင်းမှုများထဲမှ တစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ရုရှားဘီလျံနာသူဌေးတစ်ဦးက လက်ဝယ်ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုရုရှားသူဌေးသည် ထိုပန်းချီကား ကို လွန်ခဲ့သော ၂၀၁၃ခုနှစ်က ဒေါ်လာ ၁၂၇.၅သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

ဒါဗင်ချီကို ဖလောရန့်စ်ရီပတ်ဘလစ် (ယနေ့ခေတ်အီတလီနိုင်ငံ)၌ ၁၄၅၂ခုနှစ်က ဖွားမြင်ခဲ့ပြီး ၁၅၁၉ခုနှစ်တွင် ပြင်သစ်၌ ကွယ်လွန်ခဲ့သည်။

ခရစ္စတီလေလံကုမ္ပဏီ၏အဆိုအရ ထိုပန်းချီကားရရှိခဲ့သော လေလံစျေးသည် ပန်းချီကားလေလံစျေးကွက်၌ ကမ္ဘာ့စံချိန်တင်စျေးရရှိခဲ့သော ပန်းချီကားဖြစ်ကြောင်းသိရသည်။ လေလံစျေးမှာ ဒေါ်လာသန်း ၄၀၀ ခန့်ဖြစ်ပြီး ကျန်ရှိသော ၀န်ဆောင်ခများကို ၀ယ်သူကပေးရမည်ဖြစ်ကြောင်းသိရသည်။

တယ်လီဖုန်းနှင့်ပြုလုပ်ခဲ့သော အဆိုပါလေလံပွဲသည် မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး ပုံမှန်လေလံပွဲများထက် ပိုမို ကြာမြင့်ခဲ့သည်။ ကနဦးလေလံစျေးမှာ ဒေါ်လာသန်း ရ၀ သာဖြစ်ပြီး ၃ မိနစ်အကြာခန့်တွင် ဒေါ်လာသန်း ၂၀၀ အထိ စျေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

လေလံပွဲ၏နောက်ဆုံးအဆင့်သို့ ၀ယ်သူနှစ်ဦးကရောက်ရှိခဲ့ပြီး အဆိုပါနှစ်ဦးထဲမှတစ်ဦးက လေလံစျေးသန်း ၃၇၀ မှ ၄၀၀ အထိသို့ စျေးပိုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"Salvator Mundi" ပန်းချီကားကို လက်ရှိရာစုနှစ်တွင် အနုပညာအရည်အသွေးများ၊ ရသခံစားမှုများ၊ ကျွမ်းကျင် လှပစွာဖန်တီးထားသောအရာများကို ပြန်လည်ဖော်ထုတ်ရာ၌ အလွန်အရေးပါသော အနုပညာဖန်တီးမှုအဖြစ် မှတ်ယူထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly