ဘင်္ဂါလီ ပြဿနာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ခေါင်းဆောင် ဖန်တီးခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော

ဘင်္ဂါလီ ပြဿနာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ခေါင်းဆောင် ဖန်တီးခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော
Photo-EPA-EFE/HEIN HTET

နိုဝင်ဘာ ၁၆ ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) ပြဿနာကို ဖန်တီးခဲ့တဲ့ အဓိကတရားခံကတော့ သေဆုံးသွားပြီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇီယာရာမန် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြစ်တင်ပြောကြားလိုက်ပါတယ်။

ယမန်နေ့က ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ လွှတ်တော်အမတ်တစ်ယောက်ရဲ့ မေးခွန်းကို ၀န်ကြီးချုပ် ဟာဆီနာက ပြန်လည်ဖြေဆိုမှုလုပ်ရာမှာ ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်အရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့် နာရီအနည်းငယ် အလိုမှာပဲ  ဟာဆီနာက ပြောဆိုလိုက်တာပါ။ "ဇီယာ က ဒီပြဿနာကို ဖန်တီးခဲ့တာပါ၊ ခုဆိုရင် သူ့ပါတီ BNP နဲ့ မဟာမိတ် ပါတီ ဂျမတ် အီ အစ္စလမ်မစ်တို့က ရှုပ်ထွေးနေတဲ့ အခြေအနေတစ်ခုကနေ အခွင့်အရေး ရယူချင်နေကြပါတယ်" ဆိုပြီး ပြောသွားခဲ့ပါတယ်။

သေဆုံးသွားပြီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဇိီယာ ရာမန် ဟာဆိုရင် ၁၉၇၇ ခုနှစ်တုန်းက ၎င်းရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲကို ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံစေခဲ့ပြီး ရခိုင်မြောက်ပိုင်းမှာ အစ္စလမ္မစ် နိုင်ငံတော်တစ်ခု ဖန်တီးထူထောင်ဖို့အရေး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲဖို့အတွက် နောက်ကွယ်ကနေ ထောက်ခံပံ့ပိုးပေးမယ် ဆိုတဲ့အကြောင်း ကတိပြုစေခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက်မှာတော့ ဘူးသီးတောင်၊ မောင်တောမှာ လက်နက်ကိုင် လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တာကြောင့် မြန်မာစစ်တပ်က စစ်ဆင်ရေး ရှင်းလင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ရပြီး ယင်းအတွက်ကြောင့်လည်း ပထမဆုံးအဖြစ် ဒုက္ခသည်တွေ အစုလိုက်အပြံုလိုက် ၀င်ရောက်မှုကို ဖြစ်စေခဲ့တာဖြစ်ပါတယ်။

" အဲလိုပုံစံ ပြဿနာမျိုး သူတို့ ဆက်ပြီးဖြစ်စေချင်ခဲ့တာပါ၊ ဒါမှလည်း မြန်မာနဲ့ ထိစပ်နေတဲ့ ကျွန်မတို့ နယ်စပ်ဒေသ တည်ငြိမ်မှုကို ပျက်ပြားစေမှာလေ၊ အဲဒီလိုဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲမှာ သူတို့ကို အကူအညီဖြစ်မယ်လို့ သူတို့ထင်နေကြပါတယ်" ဆိုပြီး ဟာဆီနာ က ပြောပါတယ်။

အလားတူ မြန်မာလုံခြံုရေးတပ်တွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်စေဖို့ ARSA အကြမ်းဖက် သမားတွေကိုလည်း ပါကစ္စတန်က သွေးထိုးလှုံ့ဆော်ခဲ့တာဖြစ်ကြောင်း ဟာဆီနာ ရဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်တဲ့ မာတီယာ ချောင်ဒရီ Matia Chowdhury က မကြာသေးမီကမှ ထုတ်ဖော်ပြစ်တင်ထားခဲ့ပါသေးတယ်။

ယင်းအပြင် ARSA ဟာဆိုရင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ရဲ့ ဘုံရန်သူဖြစ်တယ်လို့လည်း ဟာဆီနာ ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် အိတ်ချ်တီ အီမန် H T Imam က ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

ယင်း ARSA အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်အဖွဲ့ JMB ၊ ပါကစ္စတန် ဂျီဟတ်ဒီ အုပ်စုတွေနဲ့လည်း ခိုင်မာတဲ့ အဆက်အသွယ်တွေ ရှိနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။ ၀န်ကြီးချုပ် ဟာဆီနာ က ပါလီမန်ကို ပြောကြားရာမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုငး် ဘင်္ဂါလီ သန်းဝက်ကျော်လောက် နိုင်ငံတွင်းကို စုပြံုဝင်ရောက်လာခဲ့ရာကနေ သူမတို့ နိုင်ငံဟာ လက်ရှိအချိန်မှာ မကြံုစဖူးတဲ့ လူသား အကျပ်အတည်းကြီးတစ်ခုနဲ့ ရင်ဆိုင်နေရကြောင်း၊ ဒီပြဿနာကို ကူညီဖြေရှင်းပေးဖို့ မြန်မာကိုလည်း တောင်းဆိုထားရပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗူ ဟာဆန် မာမက် အယ်လ် Abul Hassan Mahmud Al ကတော့ နိုဝင်ဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဘင်္ဂါလီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စ ဆွေးနွေးမှာဖြစ်ပါတယ်။ လက်ရှိ အကျပ်အတည်းကြီးအတွက် ဖြေရှင်းချက်တစ်ရပ် မဟာဗျူဟာကျကျ ထုတ်ဖော်နိုင်ဖို့အတွက် UNHCR ရဲ့ အရေးပေါ် အထူးအစည်းအဝေးတစ်ရပ် ကျင်းပဖို့ကိုလည်း ဟာဆီနာ က တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly