ဇင်ဘာဘွေတွင် စစ်တပ်က အာဏာလွှဲပြောင်းရယူပြီး သမ္မတ မူဂါဘီ နေအိမ်အကျယ်ချုပ် ကျ

ဇင်ဘာဘွေတွင် စစ်တပ်က အာဏာလွှဲပြောင်းရယူပြီး သမ္မတ မူဂါဘီ နေအိမ်အကျယ်ချုပ် ကျ

 

နိုဝင်ဘာ ၁၆ ။                    ။ ဇင်ဘာဘွေနိုင်ငံတွင် ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်ကစလို့ စစ်တပ်က အာဏာကို လွှဲပြောင်းထိန်းချုပ်ထားလိုက်ပြီ ဖြစ်ကာ သမ္မတ ရောဘတ် မူဂါဘီမှာလည်း လက်ရှိအချိန်မှာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံမှာ အာဏာသိမ်းလိုက်ခြင်း မဟုတ်ပါကြောင်း စစ်ဗိုလ်ချုပ်ကြီးတွေက ငြင်းဆိုထားခဲ့တယ် ဆိုပင်သော်ငြားလည်း လက်ရှိအခြေအနေအရတော့ ယင်းနိုင်ငံကို စစ်တပ်က အာဏာလွှဲပြောင်းရယူထားလိုက်ပြီ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ယမန်နေ့တုန်းကပဲ ပါလီမန်ကို သံချပ်ကာ ကားတွေက ပိတ်ဆို့ထားလိုက်တာ၊ မြို့တော် ဟာရာရီရဲ့ လမ်းတွေပေါ်မှာလည်း စစ်သားတွေက နေရာယူထားလိုက်တာ၊ နိုင်ငံပိုင် အသံလွှင့်ဌာနကို စစ်တပ်အကြီးအကဲတွေ သိမ်းပိုက်ပြီး ကြေညာချက်တစ်ချို့ ထုတ်ပြန်ခဲ့တာကို ကြည့်ခြင်းအားဖြင့်တော့ ဆယ်စုနှစ်များစွာကြာ အာဏာဆုပ်ကိုင်ထားလာခဲ့တဲ့ သက်တော်ရှည် သမ္မတကြီး မူဂါဘီရဲ့ အာဏာကတော့ ယခုချိန်မှာ လုံ့ဝကို လျှောကျသွားခဲ့ပြီလို့ ယူဆရမှာဖြစ်ပါတယ်။

" သမ္မတနဲ့ သူ့မိသားစု ခုချိန်မှာ ဘေးကင်းတဲ့နေရာမှာ ရှိနေပါတယ်၊ သူတို့လုံခြံုရေးကို အပြည့်အဝ အာမခံပါတယ်၊ ကျွန်တော်တို့ ခုလုပ်နေတာကတော့ သမ္မတ အနားဝန်းကျင်မှာ ရှိနေတဲ့ ရာဇဝတ်မှုဖောက်ဖျက်ကျူးလွန်သူတွေကို ရှင်းလင်းဖို့ပဲ လုပ်နေတာပါ" လို့ စစ်တပ် ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဆူဘူဆီဆို မိုယိုက ပြောထားပါတယ်။

ယမန်နေ့တုန်းကပဲ အသက် ၉၃ နှစ်အရွယ် သမ္မတ မူဂါဘီရဲ့ နေအိမ်အနီးမှာ ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့မှုနဲ့အတူ ယခုလို စစ်တပ်ရဲ့ ကြေညာချက်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ယင်းနောက် မကြာမီမှာပဲ သူ့အနေနဲ့ နေအိမ်အကျယ်ချုပ် ထားခံလိုက်ရပြီ ဖြစ်တယ်ဆိုပြီး မူဂါဘီက တောင်အာဖရိကသမ္မတ ဂျက်ကော့ဘ် ဇူးမားကို ဆက်သွယ်ပြောဆိုခဲ့တယ်လို့လည်း ကြားရပါတယ်။ သတင်းတွေအရတော့ မူဂါဘီကို ထောက်ခံသူတွေနဲ့ သူ့ဇနီး ဂရေ့စ်တို့ကိုလည်း စစ်တပ် ထိန်းသိမ်းထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly