နိုင်ငံရေးမှာ အတိုက်အခိုက် ခံရတာ အဆန်းမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးမှာ အတိုက်အခိုက် ခံရတာ အဆန်းမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်(နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဩဇာအာဏာရဖို့ နိုင်ငံရေးလုပ်တာမဟုတ်ဘဲ မြန်မာပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု အသီးအပွင့်များ ခံစားရစေရန် လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပက ဝေဖန်တိုက်ခိုက်မှုများမှာ သူမအတွက် အထူးအဆန်းမဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ ဩဇာ၊ အာဏာရဖို့ လုပ်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ပြည်သူလူထု တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အသီးအပွင့်တွေကို ခံစားစေချင်လို့ လုပ်တာပါ။ ဒီလို နိုင်ငံရေးလုပ်တဲ့အခါ  အတိုက်အခိုက်ခံရတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုဝင်ဘာ ၁၅ရက်၊ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် လတ်တလောရင်ဆိုင်နေရသည့် နိုင်ငံတကာဖိအားများနှင့် ပြည်တွင်း၊ ပြည်ပ ဝေဖန်တိုက်ခိုက်မှုများအပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တုံ့ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အရင်တုန်းကလည်း ပြည်တွင်းကလည်း တိုက်တယ်။ ပြည်ပကလည်း တိုက်တယ်။ အခုတော့ ပြည်တွင်းက ပြည်သူတွေက ပိုပြီး နားလည်မှုရှိတယ်။ ပြင်ပကတော့ တိုုက်တုန်းပဲ။ နိုင်ငံရေးလုပ်မှတော့ ဒီလောကဓံကို ရင်ဆိုင်ရတာ နိစ္စဓူဝ ဖြစ်စဉ်ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်၊ တိုက်ခိုက်မှုများစွာ ရှိခဲ့ရာ ထင်ရှားသည့်တစ်ခု အနေဖြင့် အောက်စဖို့ဒ်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ဖယ်ရှားခဲ့သည်။

“ဒါတွေကို တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက် ရင်ဆိုင်ရမယ့်ကိစ္စတွေပဲလို့ ဒီလိုပဲ စိတ်ထဲမှာ ထားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly