အမေရိကန်-မြန်မာ နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အမေရိကန်-မြန်မာ နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး တေလာဆန် တို့ ယနေ့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်အရေး အဓိက ဆွေးနွေးခဲ့ကြသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပေါ်ခဲ့မှု အခြေအနေများ၊ ဘင်္ဂါလီများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမှုအကြောင်းအရင်းမှန်များ၊ ဥပဒေနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်မှုများ၊ လူသားချင်းစာနာထောက်ထားသော အကူအညီများမျှတမှုရှိရန် လိုအပ်သည့် အခြေအနေများ၊ အစိုးရနှင့်တပ်မတော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ယခုလအစောပိုင်း ဝါရှင်တန်ဒီစီက အခမ်းအနားတစ်ရပ်တွင် အမေရိကန်က ရခိုင်အခြေအနေကို အလွန်စိုးရိမ်ပူပန်ကြောင်း၊ မြန်မာခေါင်းဆောင်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေမှုကို ပြသရန် တိုက်တွန်းကြောင်း တေလာဆန်က ပြောခဲ့သည်။

သို့သော် တေလာဆန်အပါအဝင် အမေရိကန် တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ နုနယ်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တပ်မတော်နှင့် အာဏာခွဲဝေယူထားရသ့ည့် အရပ်သားအစိုးရခေါင်းဆောင်များကို လူသိရှင်ကြား အပြစ်ဆိုခြင်းနှင့် ပတ်သက်ပြီး သတိထားလျက် ရှိနေသည်ဟု သတင်းတရပ်တွင် ဖော်ပြထားသည်။

တေလာဆန်အနေဖြင့် ၎င်း၏ မြန်မာခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော ရိုဟင်ဂျာဆိုသူဘင်္ဂါလီများကို ရခိုင်သို့ ဘေးကင်းမှု အပြည့်အဝဖြင့် ပြန်လည်ဝင်ရောက်နိုင်အောင် အခြေအနေများ ထူထောင်ပေးရန် မြန်မာခေါင်းဆောင်များကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း နို်င်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက CNN သို့ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly