ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လုပ်ငန်းရှင်များဖိတ်ခေါ်

ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လုပ်ငန်းရှင်များဖိတ်ခေါ်
ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ။          ။ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီများကို ရခိုင်ပြည်နယ်အစိုးရက ဖိတ်ခေါ်ထားသည်။

ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးစဉ် ဖိတ်ခေါ်ခဲ့သည်။

ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနှင့် ဆွေးနွေးရန် UEHRD ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၅ ရက်က ရခိုင်သို့ ရောက်ရှိနေစဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ UEHRD တွင် ဒေါက်တာ အောင်ထွန်းသက်က ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

အဆိုပါ ကိုယ်စားလှယ်များ ရခိုင်သို့ ရောက်ရှိစဉ် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်သိန်းအေးက “ရခိုင်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ”အား ရှင်းလင်းစဉ် စီးပွားရေး လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ဦးစားပေး ဆောင်ရွက်မည့် နယ်ပယ်များအဖြစ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ရေး၊ ပညာရေး ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အုံ၊ ခရီးသွားလာရေး၊ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန်များ ပေါ်ထွန်းရေးဟူသည့် နယ်ပယ် ခြောက်ခုကို သတ်မှတ်ထားသည်။

အဆိုပါ နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရန် ရခိုင်ပြည်နယ်အစိုးရသည် “ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ” ကိုဖွဲ့စည်းထားသည်။ အဆိုပါအဖွဲ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် နာယက ဖြစ်ပြီး ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်သိန်းအေးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ အဖွဲ့ဝင်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တာနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝကြီး ဦးအောင်ကျော်ဇံ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူါ် ဦးတင်မောင်ဆွေ၊ ဦးအောင်ကြည်စိုး (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း) တို့ပါဝင်သည်။

ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ်သူ ရခိုင်ပြည်နယ် ဘဏ္ဍာရေး ၊ အခွန် ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်အေးသိန်းနှင့် ဆက်သွယ်ပြီး လုပ်ငန်းဆောင်ရွက်နိုင်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပ့ံပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ၊ ဒုတိယဥက္ကဌအနေဖြင့် လူမှုရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ညှိနိူင်းရေးမှူးချုပ်အနေဖြင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် သတင်းအချက်အလက်နှင့်ဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးကျော်မြိုင်တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly