ရန်ကုန်ဆေးရုံကြီးရှိ စျေးဆိုင်များ၊ ကျုးကျော်များအတွက် အချိန်နှစ်ပတ်ပေးထား

ရန်ကုန်ဆေးရုံကြီးရှိ စျေးဆိုင်များ၊ ကျုးကျော်များအတွက် အချိန်နှစ်ပတ်ပေးထား

ရန်ကုန်၊နိုဝင်ဘာ ၁၅ ။          ။ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး နယ်နမိတ်အတွင်းရှိ စျေးဆိုင်ငယ်များ၊ ကျုးကျော်များကို အချိန်နှစ်ပတ်ပေးထားပြီး အရေးယူမှုဆောင်ရွက်သွားမည်ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ် ဒေါက်တာ ဒေါ်မြင့်မြင့်အေးကပြောသည်။

ကျုးကျော်ဆိုင်များအား ပစ္စည်းများသိမ်းဆည်းဖယ်ရှားမည်ဖြစ်ကြောင်း ဆိုင်းဘုတ်ထောင်ကာကြေငြာထားပြီး အော်လန်ဖြင့်ပါ လိုက်လံဆော်သြနေသည်။

ထိုကျုးကျော်များအတွက် နိုဝင်ဘာ(၁၀)ရက်နေ့မှစတင်ကာ (၂)ပတ်အချိန်ပေးသွားမည်ဖြစ်ပြီး (၂)ပတ်ကျော်လွန်ပါက ရဲ၊ စည်ပင်နှင့် ထွေ/အုပ်များက ရှင်းလင်း အရေးယူဆောင်ရွက်မည်ဖြစ်သည်။

"ကျွန်မတို့ကတော့ သူတို့ကိုအချိန်တစ်ခုပေးထားတာပေါ့နော် ။ဆိုင်းဘုတ်ထောင်ပြီးတော့ စည်းကမ်းလိုက်နာဖို့ ကျွန်မတို့လည်းခေါ်ပြီးပြောထားပြီးသား။ ပြီးလို့ရှိရင် ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်နဲ့ပေါင်းပြီးတော့ ကျွန်မတို့အရေးယူမယ်ပေါ့နော်"ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ် ဒေါက်တာ ဒေါ်မြင့်မြင့်အေးကပြောသည်။

ထို့အပြင် တချို့သောဆေးရုံဝင်းအတွင်း နေထိုင်သူများမှာ ဓာတ်ရောင်ချည်ကင်သည့်အမှတ်များဖြင့် လူနာများဖြစ်နေကာ ထိုအတွက်လုံလောက်သည့်ကုတင်မရှိသောကြောင့် ဆေးရုံတင်ထား၍မရနိုင်သူများလည်း ရှိနေသည်ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ် ဒေါက်တာ ဒေါ်မြင့်မြင့်အေးကပြောသည်။

"နယ်တွေမှာလည်း ကျွန်မတို့ဆေးရုံလိုကုသပေးနိုင်အောင် ကြိုးစားဖို့တော့ပြောနေတာပေါ့နော် ။ နို့မို့ဆိုနယ်ကလာတော့လည်း ပြန်စရာကဟုတ်တယ် လမ်းစရိတ်မရှိဘူးတို့ဘာတို့ရှိတာလေ ။ အဲဒါကတော့ကျွန်မတို့ကတအားကြီးတော့မရှင်းဘူး။ ကြည့်လိုက်တော့လည်းတကယ့်လူနာတွေပါ ။ အဲဒီနေနေတဲ့လူတွေကပေါ့"ဟု ဒေါက်တာဒေါ်မြင့်မြင့်အေးက ဆိုသည်။

သို့သော်လည်း လူနာ၊ လူနာရှင်များမဟုတ်ဘဲ တာမွေကဲ့သို့ ရန်ကုန်မြို့တွင်းမှ လာရောက်နေထိုင်သူများလည်း တွေ့ရသည်ဟု ဒေါက်တာမြင့်မြင့်အေးက ပြောပြသည်။

စျေးဆိုင်တန်းများအတွက် စည်းကမ်းချက်(၂၁)ချက်ချထားပေးပြီး လိုက်နာခြင်းမရှိပါက ဆိုင်ခန်းပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်သည်။

အဆိုပါ စည်းကမ်းချက်(၂၁)ချက်တွင် သန့်ရှင်းရေး၊ စနေနေ့တိုင်းလုပ်အားပေးရေး၊ နေထိုင်မှုမပြုလုပ်ရေးစသည့်အချက်များ ပါဝင်နေသည်။

ရန်ကုန်ဆေးရုံကြီးတွင် မူလကအခမဲ့ရောင်းချနေသည့်ဆိုင်များကို တစ်ဆိုင်လျှင် တစ်လ(၉)ထောင်ဖြင့် ငှားရမ်းစာချုပ်ချထားပေးသည်။

ရန်ကုန်ဆေးရုံကြီးတွင် စျေးဆိုင်ငယ်ပေါင်း (၄၂)ခန်း၊ တိုးချဲ့ဝင်းဘက်တွင် (၂၈)ခန်း စုစုပေါင်း ဆိုင်ခန်းငယ်ပေါင်း(၇၀)ရှိနေသည်။

၄င်းဆိုင်ခန်းများမှရငွေများကို အစိုးရဘတ်ဂျက်ငွေစာရင်းထဲသို့ ထည့်ပေးရသည်။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို တစ်နေ့လျှင် လူပေါင်း(၆)ထောင်မှ (၈)ထောင်အထိ လာရောက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly