နိုဝင်ဘာ ၁၇ရက်တွင် ရုံတင်မည့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကား

နိုဝင်ဘာ ၁၇ရက်တွင် ရုံတင်မည့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကား

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ။       ။ 7Even Sense ရုပ်ရှင်ထုတ်လုပ်ရေး ၏ ဒုတိယမြောက် တင်ဆက်မှုဖြစ်သည့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၇ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသ သွားတော့ မည် ဖြစ်သည်။  

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲကို နိုဝင်ဘာ ၁၃ရက်တွင် ရန်ကုန်မြို့ Junction City 5လွှာရှိ JCGV ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒါရိုက်တာ ၊ ပါ၀င်ကြသည့် သရုပ်ဆောင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ နှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ထို အထူးပြသပွဲတွင် ထူးခြားသည့် အစီအစဉ် တစ်ခုအနေဖြင့် ဇာတ်ကားတွင် အဓိက ပါဝင်သရုပ်ဆောင် ထား သည့် နေတိုး ၊ ရွှေထူး ၊ မိုးစက်ဝိုင် တို့နှင့် စုံတွဲ ပွဲတက် ခွင့်ရမည့် ပရိသတ်များကို ရွေးချယ်ခဲ့ပြီး အနုပညာရှင်များက ထို ပရိသတ်များနှင့်အတူ ပွဲတက်ခဲ့ကြသည်။

 ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား သည် ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင် ၊ ဒါရိုက်တာ သားညီ မှ ရိုက်ကူး ထားပြီး သရုပ်ဆောင်များ အဖြစ် နေတိုး ၊ ရွှေထူး ၊ မိုးစက်ဝိုင် ၊ ရဲအောင် ၊ ချိုပြံုး ၊ ထူးမွန် တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားကြသည်။

ထိုဇာတ်ကား တွင် ၀ါရင့်သရုပ်ဆောင် နေတိုး ဦးဆောင်ပြီး သရုပ်ဆောင် အသစ်များ ဖြစ်ကြသည့် အဆိုတော် ရွှေထူး ၊ အလှမယ် မိုးစက်ဝိုင် တို့၏ သရုပ်ဆောင်မှုများကို ပရိသတ်များ တွေ့မြင်ခံစားရမည် ဖြစ် သည်။

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း တစ်ခုဖြစ်ပြီး ရာဇဘွား အဖြစ် အဆိုတော် ရွှေထူး သရုပ်ဆောင်ထားကာ နှင်းပွင့် (သို့မဟုတ်) ဧကရီ အဖြစ် မိုးစက်ဝိုင် ၊ ပိုင်စိုးနိုင် အဖြစ် အကယ်ဒမီ နေတိုးက သရုပ်ဆောင်ထားပြီး အချစ်ကို ဘဝတစ်လျှောက် အမှတ်တမဲ့ မေ့လျော့ထားခဲ့မိသည့် ယောကျ်ားတစ်ယောက် ၊ အချစ်ဆိုတာကို လွယ်လွယ် သိမ်းပိုက်လို့ရမည် ထင်သည့် ယောကျ်ားတစ်ယောက် နှင့် အချစ်စစ်စစ် တစ်ခုကို တန်ဖိုးထား မြတ်နိုးခဲ့သော်လည်း ငွေကြေး နှင့် အမုန်းစစ်ပွဲတွေကြားတွင် ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးတစ်ယောက်၊ ၎င်းတို့(၃)ဦးကြားမှ အချစ်ဇာတ်လမ်းကို ကြည့်ရှုရမည် ဖြစ်သည်။

ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၇ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ တွင် ရုံတင်ပြသမည် ဖြစ်ကာ မြင်တွေကနေကျ သရုပ်ဆောင်များမှ ခွဲထွက်ကာ သရုပ်ဆောင်သစ် နှစ်ဦး၏ သရုပ်ဆောင်မှုများကို ရုပ်ရှင်ပိတ်ကားပေါ်တွင် မြင်တွေ့ရမည် ဖြစ်သည်။

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားသို့ လာရောက်အားပေးကြသော ပရိသတ်များအား ရွှေထူး(ရာဇဘွား) နှင့် မိုးစက်ဝိုင်(နှင်းပွင့်) တို့က လိုက်လံတွေ့ဆုံမည့် အစီအစဉ် ကို နိုဝင်ဘာလ ၁၇ ရက်တွင်  12:30Pm JCGV ( MDY )၊ 3:30Pm မြို့ဂုဏ်ရောင် ( MDY )၊ နိုဝင်ဘာလ ၁၈ ရက်တွင်  12:30Pm မြဟံသာ (သန်လျင်) 3:30Pm Capital Hyper Mart ( Mega Ace ) 6:30Pm Paradiso ( မှော်ဘီ )၊ နိုဝင်ဘာ ၁၉ ရက်တွင် 12:30Pm နဝဒေး၊ 3:30Pm Junction Square တို့တွင် ပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly