ကယ်လီဖိုးနီးယားတွင် သေနတ်သမားတစ်ဦး၏ ရမ်းကားပစ်ခတ်မှုကြောင့် လေးဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ကယ်လီဖိုးနီးယားတွင် သေနတ်သမားတစ်ဦး၏ ရမ်းကားပစ်ခတ်မှုကြောင့် လေးဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

 

နိုဝင်ဘာ ၁၅ ။                    ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က သေနတ်သမားတစ်ဦးက တွေ့ရာလူကို လိုက်လံရမ်းကားပစ်ခတ်ခဲ့မှုကြောင့် လူလေးဦး သေဆုံးသွားပြီး ဒါဇင်ခန့်နီးပါး ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်မှာ သေနတ်သမားဖြစ်သူသည်  စာသင်ကျောင်းတစ်ခုနဲ့ အခြားနေရာများကို ပစ်မှတ်ထားခဲ့ပုံရပြီး ယခုကဲ့သို့ ၎င်း၏ ရမ်းကားပစ်ခတ်မှုကြောင့် လူသေဆုံးဒဏ်ရာရခဲ့မှုတွေ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

ဒေသစံတော်ချိန် မနက် ၈ နာရီဝန်းကျင်လောက်ကနေ စဖြစ်ခဲ့သည့် အဆိုပါ ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ သေနတ်သမားကိုတော့ ရဲတပ်ဖွဲ့က သုတ်သင် ရှင်းလင်းနိုင်ခဲ့ခြင်းကြောင်း တီဟာမာ ကောင်တီ လက်ထောက်ရဲအရာရှိ ဖီလ် ဂျွန်စတန်က ပြောသည်။

သေဆုံးသူများထဲတွင် ကလေးငယ်များမပါ၀င်ခဲ့ကြောင်းနှင့် သေနတ်သမား မည်သည့်အတွက်ကြောင့် ပစ်ခတ်မှုများ ကျူးလွန်ရခြင်း၏ အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း ၎င်းက ပြောသည်။ သို့သော် ၎င်းသေနတ်သမားနှင့် အိမ်နီးချင်းများအကြား ပြဿနာဖြစ်ပွားထားခဲ့ခြင်းက ယခုပစ်ခတ်မှုနှင့် ပတ်သက်နေနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

စစ်ဝတ်စုံပုံစံ ၀တ်ဆင်ကာ ပစ်ခတ်မှုကျူးလွန်သွားသော ၎င်းသေနတ်သမား၏ အမည်ကို အာဏာပိုင်များက ထုတ်ဖော်ထားခြင်း မရှိသေးပေ။

ယင်းဖြစ်စဉ်တွင် ၎င်းသေနတ်သမားသည် အိမ်နီးချင်းတစ်ဦး၏ ကားကို ခိုးမောင်းကာ စာသင်ကျောင်းတစ်ခုထဲ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကံအားလျော်စွာ အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ အကယ်၍ ၎င်းသာ စာသင်ကျောင်းထဲ ၀င်သွားနိုင်မည်ဆိုပါက ကျောင်းတွင်းရှိ ကလေးငယ်များအတွက် မတွေးဝံ့စရာ အခြေအနေသို့ ဆိုက်ရောက်သွားမည်ဖြစ်သည်။

ယင်းသို့ စာသင်ကျောင်းထဲ ၀င်၍ မရခဲ့ခြင်းကြောင့် သေနတ်သမားမှာ ဆက်လက်ထွက်ခွာသွားပြီး တွေ့ရာလူ ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ၎င်းစီးနင်းလာသော ကားသည် လမ်းတစ်နေရာတွင် တိုက်မိပြီးနောက် ဒုတိယကားကို ခိုးယူဖို့ လုပ်ခဲ့စဉ်မှာပဲ ရဲတပ်ဖွဲ့နဲ့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

၎င်းသေနတ်သမား၏ လက်ချက်ကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း ဂျွန်စတန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly