အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာ ဖြစ်ကြောင်း မြန်မာနည်းပြ ဂတ်ဇီဆီ ပြော

အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာ ဖြစ်ကြောင်း မြန်မာနည်းပြ ဂတ်ဇီဆီ ပြော

နိုဝင်ဘာ ၁၅၊ ဂိုအာ ။                  ။ အိန္ဒိယအသင်းနှင့် ၂ ဂိုးစီသရေကျပြီးနောက်တွင် မြန်မာနည်းပြ ဂတ်ဇီဆီက မြန်မာအသင်းအနေဖြင့် အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာရှိကြောင်း ပြောဆိုလိုက်သည်။

အိန္ဒိယနှင့်ပွဲတွင် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရပြီး သရေကျခဲ့ရသည့်အတွက် မြန်မာနည်းပြ ဂတ်ဇီဆီမှာ မကျေမနပ်ဖြစ်လျက်ရှိသည်။ ပွဲအပြီးအတွင် ဂတ်ဇီဆီက မြန်မာတိုက်စစ်မှူးများ၏အားနည်းမှုနှင့် ကစားသမားများ၏ ကြံ့ခိုင်မှု မပြည့်ဝခြင်းများကို ဝေဖန်ပြောကြားသွားခဲ့သည်။

“ပွဲအစ ၂ မိနစ်မှာ ဒုတိယဂိုးသွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဒီလိုတွေ ဖြစ်လာရပါတယ်။ ကျွန်တော့်အသင်းရဲ့ တိုက်စစ်မှူးတွေ အရမ်းအားနည်းပါတယ်။ ၂-၀ သာ ဖြစ်သွားရင် အိန္ဒိယအသင်းပြန်လာနိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့ အိန္ဒိယက ကောင်းကောင်း ကစားသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခွင့်အရေးတွေရခဲ့ပါတယ်” ဟု ဂတ်က ဆိုခဲ့သည်။

ခြေစစ်ပွဲအခြေအနေနှင့်ပတ်သက်၍မေးမြန်းခဲ့သည်ကိုမူ ဂတ်က အခွင့်အရေး ၅၀-၅၀ သာဖြစ်ကြောင်း ဆိုသည်။ “အခွင့်အရေးကတော့ ၅၀-၅၀ ပါပဲ။ ကျွန်တော့်ရဲ့ကစားသမားတွေဟာ မိနစ် ၉၀ အပြည့်ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ကြပါဘူး။ ဒါက ကျွန်တော့်အမှား မဟုတ်ပါဘူး။ သူတို့ဟာ မိနစ် ၉၀ ပြည့်ကစားဖို့ လုံလောက်တဲ့ လန်းဆန်းမှုနဲ့လျှင်မြန်မှုမျိုး မရှိခဲ့ကြပါဘူး။ ပထမပိုင်း မိနစ် ၂၀-၃၀ လောက်အထိကတော့ ခံစစ်ရော တိုက်စစ်ပါကောင်းမွန်ခဲ့ပါတယ်။ အရမ်းကြီးတော့ မဆိုးရွားခဲ့ပါဘူး” ဟု ဂတ်ဇီဆီက ဆိုသည်။

အိန္ဒိယအသင်းအနေဖြင့် ၁၅ စက္ကန့်မှာပင် ဂိုးပေးခဲ့ရသော်လည်း ပုံစံကောင်းဖြင့် ပြန်လာနိုင်ခဲ့သည့်အတွက် ၎င်းတို့၏နည်းစနစ်ကို မအံ့သြမိကြောင်းလည်း မြန်မာနည်းပြဂတ်ဇီဆီက ပြောဆိုသွားခဲ့သည်။

မြန်မာအသင်းသည် ၁၉၆၈ ခုနှစ်ကတည်း အာရှဖလားပြိုင်ပွဲဝင်ခွင့်မရခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly