သြစတြေးလျ၌လိင်တူလက်ထပ်ခွင့်အတွက် လူထုသဘောထားစစ်တမ်းကောက်ယူပြီး လူအများထောက်ခံ

သြစတြေးလျ၌လိင်တူလက်ထပ်ခွင့်အတွက် လူထုသဘောထားစစ်တမ်းကောက်ယူပြီး လူအများထောက်ခံ

 

ဆစ်ဒနီ၊ သြစတြေးလျ၊ နို၀င်ဘာ ၁၅ ။         သြစတြေးလျနိုင်ငံသားများသည် လိင်တူချစ်သူစုံတွဲများလက်ထပ်ခွင့်အတွက် လူထုသဘောထားစစ်တမ်း ကောက်ယူမှု၌ အကြမ်းဖျင်းမဲပေးခဲ့ကြပြီး ဗုဒ္ဓဟူးနေ့၌ ထွက်ပေါ်လာသောရလာဒ်များအရ ဆန္ဒမဲပေးခဲ့သော လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ထိုအဆိုကိုလက်ခံခဲ့ကြသည်။

လိင်တူချစ်သူများလက်ထပ်ခွင့်အတွက် ၂လကျော်ကြာစစ်တမ်းကောက်ယူခဲ့ပြီး ထိုစစ်တမ်းထဲ၌ မဲပေးခဲ့သော လူဦးရေ ၁၂.၇ သန်း၏ ၆၂ ရာခိုင်နှုန်းခန့်မှာ ထိုအခွင့်အရေးကို ထောက်ခံမဲပေးကြကြောင်း သြစတြေးလျ စာရင်းဇယားဗြူရိုက ကန်ဘာရာမြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ ဒါ့အပြင် ကန့်ကွက်မဲမှာ ၃၈.၄ ရာခိုင်နှုန်းခန့်ရှိခဲ့ကြောင်း သိရသည်။

မဲပေးခွင့်ရှိသူများထဲမှ ၈၀ ရာခိုင်နှုန်းခန့်သည် အဆိုပါစစ်တမ်းကောက်ယူမှု၌ ပါ၀င်ခဲ့ကြကြောင်း အဆိုပါဗြူရို၏ အကြီးအကဲဖြစ်သူ ဒေးဗစ်ခါလစ်ချ်ကပြောခဲ့ပြီး “ဒီအချက်အလက်တွေဟာ မဲပေးခွင့်ရှိသူလူဦးရေရဲ့ အမြင်တွေ ဖြစ်တယ်ဆိုတာကို သြစတြေးလျအနေနဲ့ မှတ်ယူနိုင်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုစစ်တမ်းကောက်ယူမှုအရ ရရှိလာသောမဲအချက်အလက်များကို ပါလီမန်အတွင်းသို့ပေးအပ်ရမည်ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် ဥပဒေပြုအဖွဲ့က သဘောတူလက်ခံခဲ့ပါက လိင်တူချစ်သူများအနေဖြင့် ခရစ္စမတ်ကာလ လောက်တွင် တရားဝင်လက်ထပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်တမ်းကောက်ယူမှု၏ မဲရလာဒ်ထွက်ပေါ်လာချိန်တွင် တန်းတူညီမျှလက်ထပ်ခွင့်ကို ထောက်ခံသူများက သြစတြေးလျနိုင်ငံတစ်လွှားရှိ မြို့ကြီးများ၌ အောင်ပွဲခံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly