ထိုင်းဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ လုံးဝ ပါဝင်ခြင်းမရှိကြောင်း သံအမတ်ပြောကြား

ထိုင်းဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ လုံးဝ ပါဝင်ခြင်းမရှိကြောင်း သံအမတ်ပြောကြား

ချင်းမိုင်၊ သြဂုတ် ၁၈ ။         ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ် ဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ ပါဝင်ခြင်း လုံးဝ မရှိကြောင်း မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က မဇ္ဈိမကို ပြောသည်။

သြဂုတ် ၁၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံအ တွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံလုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့်ရောက် ရှိနေသောမြန်မာနိုင်ငံသား များအား အထူးသတိပြု နေထိုင်သွားလာကြပါရန် သြဂုတ် ၁၈ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက နှိုးဆော်စာ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ပညာသင်ကြား နေသော ကျောင်းသူ ကျောင်းသားများ၊ အစိုးရဝန်ထမ်း ပညာတော်သင်များနှင့် မြန်မာနိုင်ငံသား ခရီး သွားများနှင့် ဆေးကုသရန် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား အထူးသတိပြု နေထိုင်သွား လာကြပါရန်လည်း  သတိပေး နှိုးဆော်လိုက်ခြင်း ဖြစ်သည်။  

ဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ ပါဝင်မှု မရှိခြင်းကို မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က  “ မပါဘူး။ လုံးဝ မပါဘူး။ သေတဲ့ ၂၁ ယောက်ထဲမှာလည်း မပါဘူး။ ၁၂၅ ယောက်မှာလည်း မပါဘူး။ အန္တရာယ်ရှိတဲ့ နေရာမို့လို့ မသွားဖို့ ထုတ်ပြန်ထားတာပါ။ အဲဒီနေရာတွေက ကုန်တိုက်တွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားတွေ၊ ဆေးလာကုတဲ့လူတွေ၊ အလုပ်သမားတွေ ဈေးသွားဝယ်ရင် မသွားဖို့ ရှောင်နိုင်အောင်လို့ သတိပေးထားတာပါ”ဟု မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁၇ ရက်က ဘန်ကောက်မြို့ပေါ် လူစည်ကားရာ လေးမျက်နှာ ဧရာဝဏ်ဘုရားအနီး Ratchprson လမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့်  ၂၁ ဦးသေဆုံးကာ ၁၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။  

ထို့ပြင် အန္တရာယ်ဖြစ်ပွားရန် စိုးရိမ်ဖွယ်ပစ်မှတ် ဆောင်ရွက်နိုင်သည့် နယ်မြေ (Dangerous Areas) အဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားသည့် နေရာ (၁၀) ခု လတ်ချ်ပစုံလမ်းဆုံ၊ ပထွန်းဝမ် လမ်းဆုံ။ စီလုံလမ်းဆုံ၊ ခေါင်းဆန်လမ်းဆုံ၊ နာရာထိဝတ် လမ်းဆုံ၊ အနုစာဝရီ၊ တုချိုင်းလမ်းဆုံ၊ ဘိန်ကျစီရီပန်းခြံ၊ ထောင်လော်လမ်းသွယ်နှင့် စုခွန်ဗစ်လမ်းတို့တွင် ရှောင်ရှားသတိပြုနိုင်ကြပါရန် အထူးသတိပေး နှိုးဆော်ထားသည်။

ယင်းအပြင် သြဂုတ် ၁၈ တွင် ဘန်ကောက်မြို့လယ်ရှိ တံတားတစ်ခုအနီး လက်ပစ်ဗုံးတစ်လုံး ဖြင့် ပစ်ပေါက်မှု ဖြစ်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly