အိန္ဒိယအသင်းကို သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အသင်း

အိန္ဒိယအသင်းကို သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အသင်း
(ဓာတ်ပုံ - MFF)

အာရှဖလားခြေစစ်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့ဟာ နိုဝင်ဘာလ (၁၄) ရက် ည (၉)နာရီအချိန်က အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပါ်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပွဲအစ တစ်မိနစ်မှာပင် ရန်နိုင်ဦးရဲ့ ခေါင်းတိုက်သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် (၁၃) မိနစ် မြန်မာအသင်း နောက်တန်းကစားသမား ဖျက်ထုတ်ပုံ ကြမ်းတမ်းတာကြောင့် အိန္ဒိယအသင်းမှ ပယ်နယ်တီကန်ခွင့် ရရှိခဲ့ပါတယ်။ အဆိုပါ ပယ်နယ်တီကို အိန္ဒိယအသင်း အသင်းခေါင်းဆောင် Sunil Chhetri မှ အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၁၉) မိနစ်တွင် ကျော်ကိုကိုမှ အမှတ်မထင် ကန်သွင်းယူပြီး ပထမပိုင်းအပြီးမှာ မြန်မာအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိန္ဒိယအသင်းမှ တိုက်စစ်မြှင့်တင်ကစားလာခဲ့ပြီး ပွဲချိန် (၆၉) မိနစ်မှာ Lal Pekhlua မှ ဒုတိယချေပဂိုးကို သွင်းယူပြီး ပွဲပြီးဆုံးချိန်မှာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

"ကစားသမားတွေက မိနစ် ၉၀ လုံး ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိမနေပါဘူး။ တိုက်စစ်ကစားသမားတွေကလည်း ရလာတဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ အိန္ဒိယအသင်းအတွက် သရေရလဒ်က ထိုက်တန်ပါတယ်"လို့ မြန်မာ့လက်ရွေးစင်နည်းပြချုပ် မစ္စတာ ဂတ်ဇီဆီမှ ပြောကြားခဲ့ပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly