ပုသိမ်တွင် အဆောက်အဦဖြိုချစဉ် အလုပ်သမားတစ်ဦး ထိခိုက်သေဆုံး

ပုသိမ်တွင် အဆောက်အဦဖြိုချစဉ် အလုပ်သမားတစ်ဦး ထိခိုက်သေဆုံး

ပုသိမ် ။          ။ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ သိမ်တော်ကြီးလမ်း၊ လေးထပ်တိုက်အသစ်ဆောက်လုပ်စဉ် အဆောက်အဦ ဖြိုချနေစဉ် လုပ်သမားတစ်ဦး ဦးခေါင်းထိခိုက်မိပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ သေဆုံးခဲ့သည်။

"အဆောက်အဦတွေ ဖြိုချရင် တင်ပြရပါတယ်။ မတင်ပြဘူးဆိုရင် စည်ပင်သာယာရေးကော်မတီ ဥပဒေနဲ့ အရေးယူမှာပါ။ ခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်နေတာတွေ သွားရင်တွေ့ရင် အကြောင်းကြား ပါတယ်၊ အခု အဆောက် အဦကို ဆက်ဖြိုဖျက်လို့မရဘူး။ ရှင်းပြထားပြီးဖြစ်ပါတယ်၊ စည်ပင်သာယာကော်မတီက အဆောက်အဦ ဆောက် လုပ်ခွင့်ပြုချက် ပေးပြီးနောက်မှာ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဖြိုဖျက်တဲ့အတွက် သက်ဆိုင်ရာ လိုင်စင် အင်ဂျင်နီယာတို့ ကန်ထရိုက်တာတို့ကို ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီက အရေးယူ သွားမှာပါ”ဟု ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အင်ဂျင်နီယာ ဦးဖေဝင်းသူက မဇ္ဈိမသို့ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့၊ ပုသိမ်မြို့၊ အမှတ်၃ရပ်ကွက် သိမ်တော်ကြီးလမ်း ၉၆/ဃတွင် အဆောက်အဦ ဖြိုချမှု ပြုလုပ်နေစဉ် နံနက် ၁၀ နာရီကျော်တွင် ဖြိုချနေသည့် ဦးကျော်ကျော်မှာ ဦးခေါင်း ထိခိုက်မိပြီး၊ ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ နေ့လည် ၁၂ နာရီဝန်းကျင်တွင် သေဆုံးခဲ့သည်။

အဆိုပါ အဆောက်အဦဆောက်လုပ်ခွင့်အား စည်ပင်သာယာကော်မတီက ခွင့်ပြုချက် ရရှိထားသော်လည်း အဆောက်အဦ ဖြိုချခွင့်အား တင်ပြတောင်းဆိုထားခြင်းမရှိပဲ၊ အဆောက်အဦဖြိုချရာ အကာအရံ လုပ်ထားခြင်းမျိုး မရှိ နယ်မြေအင်ဂျင်နီယာက ကန်ထရိုက်တာက အကြောင်းကြားခဲ့သည်။ 

၎င်းအဆောက်အဦအား စည်ပင်သာယာ လိုင်စင်ရအကြီးတန်းအင်ဂျင်နီယာ ဇူလှိုင်မိုးမိုးနိုင်က ကြီးကြပ်ပြီး၊ကန်ထရိုက်အဖြစ်ဦးစိုးနိုင်ဝင်းဖြစ်ပြီး အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမိန့်သာ တင်ပြထားပြီး ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားပြီးဖြစ်သည်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆောက်အဦဖြိုချရာ သေဆုံးမှုအတွက် ဦးသန့်ဇော်နှင့် ဦးအောင်လေးတို့ နှစ်ဦးအား လူသေမှုပုဒ်မ၃၀၄(က)ဖြင့် ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly