NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို

NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို
UWSA ဥက္ကဌ ပေါက်ယူချန်းနှင့် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ တွေ့ဆုံနေစဉ် ဓါတ်ပုံ - (UWSA)လားရှိုးမြို့ဆက်ဆံရေး ရုံး ဒုတိယတာဝန်ခံ ဦးညီရန်း FB

ရန်ကုန် ၊ နို၀င်ဘာ ၁၄ ။          ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် '၀' နှင့် မိုင်းလား ဒေသများကို အစိုးရမှ လာရောက်တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် တိုက်တွန်းပြောဆိုမှု များ ရှိနေခဲ့သည်ဟု  ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)လားရှိုးမြို့ဆက်ဆံရေး ရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ဆိုသည်။

အဆိုပါ တိုက်တွန်းပြောဆိုမှုများ ရှိနေသော်လည်း '၀' အဖွဲ့ နှင့် မိုင်းလားအဖွဲ့များမှ ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) မူအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း ဦးညီရန်းက ပြောဆိုသည်။

ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC)  ဆိုသည့် အဖွဲ့ကို တရုတ်- မြန်မာ နယ်စပ် အခြေစိုက် ဝအဖွဲ့ (UWSA) ၊ တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ဖြင့် ယခုနှစ် ဧပြီလအတွင်း၌ ဖွဲ့စည်းထားသည်။

ယင်းကော်မတီအနေဖြင့် အစိုးရလက်ရှိလုပ်ဆောင်နေသည့် NCA ကိုလက်ခံခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးခွင့် ရရှိရန် ကြိုးစားနေပြီး လက်ရှိတွင် ယင်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO) တို့ဖြင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

FPNCC ကော်မတီကို အစိုးရက လက်ခံခြင်းမရှိသော်လည်း ယင်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် '၀' နှင့် မိုင်းလားသို့ အစိုးရအဖွဲ့လာရောက်သည့်ကိစ္စသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များအတွက် ထူးထူးခြားခြား အပြောင်းအလဲ မရှိနိုင်ကြောင်း တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA) ဒုဥက္ကဋ္ဌ တားဂျုတ်ဂျားက မဇ္စျိမသို့ ပြောဆိုထားသည်။

ခရီးစဉ်အတွင်း၌ တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA) ၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) များကို ရှမ်းပြည်နယ် လွှတ်တော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုသည် ပြဿနာပိုမိုရှုပ်ထွေးစေ နိုင်သောကြောင့် ပယ်ဖျက်ပေးရန် တင်ပြခဲ့သည်ဟု ဦးညီရန်း၏ ဖြေဆိုချက်တွင် ပါ၀င်သည်။

'၀' နှင့် မိုင်းလား ဒေသများကို ခရီးစဉ်ကို အစိုးရဘက်မှ  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင် ဦးအောင်စိုး၊ ဦးခင်ဇော်ဦး တို့အပြင် တပ်မတော် ကိုယ်စားလှယ် နှင့် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များပါ၀င်သည့်အဖွဲ့သည် နို၀င်ဘာ ၁၀ ရက်နေ့ ကနေ ၁၃ ရက် အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags