ဓာတ်အားခပြင်ဆင်ရာတွင် ၀င်ငွေနည်းမိသားစုများပါ ထည့်စဉ်းစားထားဟု လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးပြော

ဓာတ်အားခပြင်ဆင်ရာတွင် ၀င်ငွေနည်းမိသားစုများပါ ထည့်စဉ်းစားထားဟု လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ။           ။ လျှပ်စစ်ဓာတ်အားခ ပြင်ဆင်သတ်မှတ်ရန် စီစစ်ချက်များ ကောက်ယူနေသော်လည်း အချိန် မသတ်မှတ်ထား သေးကြောင်း သိရပြီး မီတာခ ပြင်ဆင်သတ်မှတ်ချိန်တွင် ၀င်ငွေနည်းပါးသော မိသာစုများအတွက် အခက်အခဲ မရှိစေရန် စဉ်းစားထားကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  ယနေ့ ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အပြီးတွင် ပြောခြင်း ဖြစ်သည်။

 “Analysis (စီစစ်ချက်) လုပ်နေပြီးတော့ မှ တကယ်တမ်းပြောရလို့ရှိရင် ဓာတ်အားခကို ပြင်ဆင်သတ်မှတ်တဲ့ အချိန်ကျလို့ရှိရင်လည်း တကယ့်ကို ၀င်ငွေနည်းပါးသော မိသားစုတွေ အတွက်ဆိုရင် တအားဘယ်လိုမှ ခက်ခဲသွားစေတဲ့ အချိန်မျိုးမရောက်ရအောင် ဒါမျိုးတွေစဉ်းစားတာပေါ့။ အဲ့တော့ အဲ့လိုမျိုးစဉ်းစားတယ်”လို့ ဒေါက်တာထွန်းနိုင်က မီဒီယာများကို ပြောသည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်များတွင် လျှပ်စစ်မီးသုံးစွဲသည့် ပမာဏအား အိမ်သုံး၊ စီးပွားရေးသုံး၊ စက်မှုလုပ်ငန်းသုံးများအပေါ်တွင် ကိန်းဂဏန်း အချက်အလက်များကို  အချိန်ယူ ကောက်ခံနေသည်။

လျှပ်စစ်ထုတ်လုပ်ရာတွင် ၂၀၁၄-၂၀၁၅တွင်  တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်သည် ရ၄.၈၅ကျပ်ခန့်ရှိပြီး ရောင်းရငွေသည် ရ၄.၁၄ ကျပ်ခန့်ဖြစ်ကာ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် အရှုံး ၀.၇၁ ကျပ် ဖြစ်သည်။ ၂၀၁၅-၁၆ ခုနှစ်တွင် ထုတ်လုပ်မှုကုန်ကျစရိတ် တစ်ယူနစ်လျှင် ၉၀.၆၅ ကျပ်ထိ တိုးမြှင့်လာပြီး တစ်ယူနစ်ပျမ်းမျှ ရောင်းရငွေ ရ၀ ကျပ်ဖြစ်သောကြောင့် တစ်ယူနစ်လျှင် ကျပ် ၂၀ အရှုံးပေါ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီး ဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ တွင် တစ်ယူနစ်လျှင် ၉၆ ကျပ်ထိ တိုးမြင့်လာပြီး တစ်ယူနစ်လျှင် ၆၉ ကျပ် ရရှိသောကြောင့်  ၂၇ ကျပ် အရှုံးပေါ်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  ပြောသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) မှ ဦးဖေတင်၏ မြန်မာ့လျှပ်စစ်ကဏ္ဍ တည်ငြိမ်မြင့်မားလာစေမည့် အစီအစဉ်ကောင်းများ ရှာဖွေလုပ်ဆောင်နေခြင်း အစီအစဉ် ရှိ၊ မရှိ အပေါ်တွင် ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly