ဒူတာတေးနဲ့အကြား ထူးကဲကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

ဒူတာတေးနဲ့အကြား ထူးကဲကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

နိုဝင်ဘာ ၁၄ ။            ။ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ အကြား ကြီးကျယ်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ် ရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမွှမ်းတင်ပြောဆိုလိုက်ပါတယ်။

လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ကြမ်းတမ်းလှတဲ့ မူးယစ်စစ်ပွဲတစ်ခု ဆင်နွှဲနေမှုကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ မနီလာမှာ တွေ့ဆုံစဉ် ထရမ့်က အထက်ပါအတိုင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ယင်းသို့ ဒူတာတေးနဲ့ တွေ့ဆုံမှု မတိုင်ခင် သတင်းထောက်တွေနဲ့ ခေတ္တတွေ့ဆုံပြောဆိုရာမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူပြောများနေလျက်ရှိတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တစ်ခွန်းတစ်ပါဒမှ ပြောမသွားခဲ့သလို အဆိုပါ ခေါင်းဆောင်နှစ်ဦးစလုံးအနေနဲ့ ဖိလစ်ပိုင်ရဲ့ မူးယစ်စစ်ပွဲအကြောင်း သတင်းထောက်တွေရဲ့ အော်ဟစ် မေးမြန်းချက်တွေကို မဆိုင်သလို လျစ်လျူရှုသွားခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ၎င်းရဲ့ အာရှခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အခြားနိုင်ငံ ၁၈ နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ မနီလာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ဒူတာတေးတို့ တွေ့ဆုံရာမှာတော့ အများထင်ထားသလို လူ့အခွင့်အရေးကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးသွားတာမျိုး မရှိခဲ့ဘဲ ၎င်းတို့နှစ်ဦးအနေနဲ့ ယခင် ကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားအပေါ် နှစ်ဦးစလုံးရဲ့ သဘောမတွေ့မှု အကြောင်းကိုသာ ဆွေးနွေးခဲ့ကြတယ်လို့ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly