လှည်းကူးတွင် မွေ့ယာစက်ရုံ မီးလောင်

လှည်းကူးတွင် မွေ့ယာစက်ရုံ မီးလောင်
Photo-Myanmar Fire Services Department

ရန်ကုန်၊ နိုဝင်ဘာလ ၁၄ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာရှိ အထည်ချုပ်စက်ရုံမှ ဖြတ်စများဖြင့် ခေါင်း အုံးနှင့် မွေ့ယာပြုလုပ်သောစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ပြောသည်။

အဆိုပါ မီးလောင်မှုမှာ ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၈ နာရီ၊ ၄၅ မိနစ်ခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၁၆ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁ဝဝ ကျော်ပါဝင်သော Level 2 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ကာ နံနက် ၉ နာရီ၊ မိနစ် ၂ဝ ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း  သိရသည်။

“ ကျွန်တော်တို့ ဟိုကို စရောက်တဲ့အချိန်မှာ မီးက လောင်အားကောင်းနေတယ်။ မီးအားကောင်းလောင်စာတွေ ကတော့ အထည်ချုပ်စက်ရုံကနေပြီးတော့မှ စွန့်ပစ်ပိတ်စတွေကို အဲ့ဒီစက်ရုံမှာပုံထားတာပေါ့။ ပုံထားပြီးတော့မှာ မွေ့ရာ၊ ဂွမ်းကပ်၊ ခေါင်းအုံးတို့လုပ်တာပေါ့။ ကြိတ်တဲ့ စက်တွေရှိတယ်။ မော်တာတွေရှိတယ်။ အဲ့ဒီစက်တွေ အသုံးပြုတာကနေ  အပူလွန်ကဲပြီးတော့မှ မီးလောင်တယ်လို့ ယူဆရတယ် ”ဟု ကိုထင်လင်းအောင်က ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ သေဆုံးမှု မရှိဘဲ အရန်မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ မီးလောင်မှုကို ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့၊   ထောက်ကြံ့မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်  အမှတ်၈၂ မှ တပ်မတော်သားများပါ သွားရောက်ကူညီငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly