အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံး၊ ဂိုးသမားဘတ်ဖွန်နှင့် ဒီရော့စီတို့ လက်ရွေးစင်အဖြစ်မှ အနားယူ

အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံး၊ ဂိုးသမားဘတ်ဖွန်နှင့် ဒီရော့စီတို့ လက်ရွေးစင်အဖြစ်မှ အနားယူ

အီတလီအသင်းဟာ Play Off ဒုတိယအကျော့ပွဲစဉ်မှာ ဆွီဒင်အသင်းနဲ့ဂိုးမရှိသရေကျခဲ့တာကြောင့် ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

အီတလီအသင်းဟာ ဆွီဒင်မြေမှာ ၁ ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ်အရ ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီဒုတိယအကျော့မှာ အီတလီအသင်းဟာ ဂိုးကန်သွင်းမှုပေါင်း အကြိမ် ၂၀ အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဆွီဒင်အသင်းက ၅၆ ကြိမ် ဘောလုံးရှင်းထုတ်ခဲ့ရပြီး ၁၉ ကြိမ် လုယူဖျက်ထုတ်ခဲ့ရပါတယ်။

နှစ်ပေါင်း ၆၀ မှာ ပထမဆုံးအကြိမ် ခြေစစ်ပွဲကျရှုံးခဲ့လို့ အီတလီပရိသတ်တွေကတော့ စိတ်ဆိုးဒေါသထွက်လျက်ရှိနေကြပါတယ်။ အီတလီနည်းပြ ဗန်တူရာကတော့ ရာထူးကနေ နုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

“အခုအချိန်မှာ ပြောနိုင်တာကတော့ အားလုံးအတွက် စိတ်မကောင်းပါဘူး ဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အာရုံစူးစိုက်မှု အပြည့်နဲ့အကောင်းဆုံးကြိုးစားခဲ့တာပါပဲ။ အဲ့ဒီအတွက် တောင်းပန်မှာ မဟုတ်ပါဘူး။ ရာထူးက နုတ်ထွက်ဖို့လည်း အစီအစဉ်မရှိသေးပါဘူး။ အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့လည်း ဘာမှ ပြောထားတာ မရှိပါဘူး။ အနာဂတ်အတွက် ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” လို့ ဗန်တူရာက ပြောဆိုခဲ့ပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့်ဂိုးသမားကြီး ဘတ်ဖွန်ကတော့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာသွားခဲ့ပါတယ်။ ဘတ်ဖွန်ဟာ အီတလီအသင်းအတွက် ပွဲပေါင်း ၁၇၅ ပွဲအထိကစားပေးခဲ့သူဖြစ်ပြီး ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ခြေစစ်ပွဲမအောင်မြင်ခဲ့လို့ အီတလီဘောလုံးလောကတစ်ခုလုံးနဲ့ပရိသတ်အားလုံးအတွက် ၀မ်းနည်းမိတယ်လို့ ဘတ်ဖွန်က ပြောဆိုသွားခဲ့ပါတယ်။

အီတလီအသင်းရဲ့ ၀ါရင့်ကွင်းလယ်လူ ဒီရော့ဆီကလည်း လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ခံလူ ချီလီနီနဲ့ဘိုနုချီတို့လည်း လက်ရွေးစင်အဖြစ်ကနေ အနားယူဖွယ် ရှိနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags