ရခိုင်ပဋိပက္ခအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များက ဥပဒေမဲ့လုပ်ဆောင်မှုများ မရှိကြောင်း တပ်မတော် ထုတ်ပြန်

ရခိုင်ပဋိပက္ခအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များက ဥပဒေမဲ့လုပ်ဆောင်မှုများ မရှိကြောင်း တပ်မတော် ထုတ်ပြန်
ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ။           ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်အတွင်းမှာ လုံခြံုရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့ လုပ်ဆောင်မှု မရှိကြောင်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု ယမန်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ရွာသူရွာသားများအား ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း များ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မုဒိမ်းမှုတို့ကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်းများ တွေ့ရှိခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆိုသည်။

ယင်းစုံစမ်းစစ်ဆေးအဖွဲ့ကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်ပြီး မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်များမှာ ၂၆ ရက်ကြာ သွားရောက်စုံစမ်းစစ် ဆေးခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လုံခြံုရေးတပ်ဖွဲ့ဝင်များက တိမ်းရှောင်ရွာသားများ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ ရွှေ/ငွေများကိုလုယူခြင်းများ ၊ ဗလီများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော်လည်း လုံခြံုရေးတပ်ဖွဲ့များက အရပ်သားများကို ပစ်ခတ်နေမှုများရှိနေသလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများလည်း ကြံုခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများမှ ပြောဆိုကြောင်း နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။ ထိုသို့ ကျူးလွန်မှုများ ကြံုခဲ့ရသည်ဆိုသည့် အတည်ပြုချက်များကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိပေ။

ထိုသို့သော စွပ်စွဲချက်များကို ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအဖွဲ့( Fact Finding Mission) စေလွှတ်ရန် ကြိုးပမ်းမှုကို မြန်မာအစိုးရမှ လတ်တလော လက်ခံထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly