YBS ၂၉ ပိုက်ဆံပုံးအတွင်းမှ တွေ့ရသည့် ပိုက်ဆံအတုများကို CID စစ်ဆေးနေ

YBS ၂၉ ပိုက်ဆံပုံးအတွင်းမှ တွေ့ရသည့် ပိုက်ဆံအတုများကို CID စစ်ဆေးနေ
YUPTကုမ္ပဏီပိုင် YBS ၂၉ များအား တွေ့ရစဉ်။ ဓာတ်ပုံ-ထူး

ရန်ကုန်၊နိုဝင်ဘာ၁၄ ။              ။ YUPTကုမ္ပဏီပိုင် ယာဉ်လိုင်းနံပါတ်(၂၉)ရှိ ပိုက်ဆံပုံးတွင် တွေ့ရှိထားသော ပိုက်ဆံအတုများကို CID သို့ ပို့ဆောင်ကာ ဆက်လက်စစ်ဆေးနေကြောင်း   တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၄ ရက်က အတည်ပြုပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့၌ တစ်ထောင်တန်ငွေစက္ကူအတု ၃ ရွက်ကို YBS၂၉ ယာဉ်လိုင်းမှ ပိုက်ဆံပုံးထဲတွင် စတင်တွေ့ရှိခဲ့ပြီး ၂၂ ရက်နေ့တွင် ၃ ရွက် ထပ်မံတွေ့ရှိခဲ့ကာ စုစုပေါင်း တစ်ထောင်တန်အတု ၆ ရွက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"အဲဒါကတော့ ကျွန်တော်တို့က CID ကို ပို့ပြီး စစ်ဆေးရမှာပေါ့ "ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။ ထိုကဲ့သို့ကိစ္စရပ်များကို ကတ်စနစ်ပေါ်လာလျှင် ဖြေရှင်းနိုင်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ၄င်းက ဆိုသည်။

အဆိုပါတစ်ထောင်တန် ပိုက်ဆံအတုများသည် ကော်ပီဆွဲထားသည့်ပုံပေါ်နေပြီး နံပါတ်တစ်ခုတည်း တူနေသဖြင့် ရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်ဟု YUPTကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ဆိုသည်။

"ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူးကွာ။  စပယ်ယာမထားနဲ့ဆိုတော့ စပယ်ယာမထားဘူး။  စပယ်ယာ မထားပေးတော့လည်း ပေါက်ကရလေးဆယ်တွေ လုပ်ထားတယ် ။ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး " ဟု YUPTကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

ပိုက်ဆံတု စတင်တွေ့ရှိ၍ အပ်နှံချိန်ကတည်းက အမှုမဖွင့်ဘဲ မှာကြားချက်အနေဖြင့်သာ လာရောက်အပ်နှံထား သည်ဟု တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးမှ ပြောသည်။

"အကယ်၍သူတို့အမှုဖွင့်မယ်ဆိုရင်တော့ ကျွန်တော်တို့ကအမှုလက်ခံဖွင့်ပေးပြီးတော့ ရှာဖွေဖမ်းဆီးပေးရမှာ ပေါ့နော် ။ သင့်တော်တဲ့ပုဒ်မတစ်ခုခုတော့ ချပေးမှာပေါ့နော်။ သူနဲ့အကျုံးဝင်တဲ့ဟာတစ်ခုပေါ့"ဟု တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူမှ ဆိုသည်။

YBS စတင်ပြီးနောက် ယာဉ်နောက်လိုက်များ လိုက်ပါခြင်း ဖျက်သိမ်းကာ ပိုက်ဆံပုံးများ တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး ငွေက္ကူများအစား တရားဝင်ခြင်းမရှိတော့သည့် ယခင်ခေတ်ငွေစက္ကုများ၊ ငွေစက္ကူအပြဲများ၊ စက္ကူစများ၊ အကာအကွယ်ပစ္စည်းများကို ထည့်သွင်းခဲ့သည့် ခရီးသည်များလည်း ရှိနေသည်။

ထိုပိုက်ဆံအတုများနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၏ အခန်း(၁၆)တားမြစ်ချက်များ ပုဒ်မ(၁၀၂)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကိုပြင်ပမှတင်သွင်းခြင်း/တင်ပို့ခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

ထို့အပြင် အခန်း(၁၇)ပြစ်မှုနှင့်ပြစ်ဒဏ်များ ပုဒ်မ(၁၀၆) တွင် ထောင်ဒဏ်(၁၀)နှစ်မှ အနှစ်(၂၀)အထိ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags