နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလအတွင်းရေးမှူးချုပ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလအတွင်းရေးမှူးချုပ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ
Photo-AFP

နိုဝင်ဘာ ၁၄ ။            ။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ   နိုဝင်ဘာ ၁၄ ရက် မနက်အစောပိုင်းတုန်းက မနီလာမြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ တွေ့ဆုံစဉ်မှာတော့ ရခိုင်ပြည်နယ်အရေးကိစ္စကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်ဆလင်ထောင်ပေါင်းများစွာတို့ကို ၎င်းတို့တွေရဲ့ မူလနေအိမ်တွေဆီ ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့ ကုလအတွင်းရေးမှူးချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

 "လူသားချင်းစာနာမှု အကူအညီတွေ ၀င်ရောက်ခွင့်ရဖို့၊ ထွက်ပြေးသွားကြရသူတွေ ဘေးကင်းလုံခြံုစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့၊ လူ့အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ပြန်လည်သင့်မြတ်မှုတွေ ရရှိဖို့တို့အတွက် ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်ပေးဖို့ လိုကြောင်း အတွင်းရေးမှူးချုပ်က ဒီတွေ့ဆုံမှုမှာ အထူးအလေးပေးပြောကြားခဲ့ပါတယ်" ဆိုပြီး ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနီလာမြို့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး ဘေးပန်းပြင်ပမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

၀ါရှင်တန်အစိုးရအနေနဲ့ကတော့ ယင်းရဲ့ထုတ်ပြန်ချက်တွေထဲမှာ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ပြောကြားမှုတွေ ပါရှိထားခဲ့သော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ရိုက် ဝေဖန်မှုမျိုးတွေ ပြုလုပ်ဖို့ ရှောင်ရှားထားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုမှာတော့ မည်သည့်အကြောင်းအရာတွေ ဆွေးနွေးသွားလဲဆိုတာကိုတော့ သိရှိရသေးခြင်းမရှိပါဘူး။ ဒါ့အပြင် ယင်းတွေ့ဆုံမှုအပြီး မြန်မာ့ခေါင်းဆောင်တွေကို ပြောချင်တဲ့ စကားများ ရှိပါသလားဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အခါမှာတော့ ကန်နိုင်ငံခြားရေးဝန်ကြီးက မေးခွန်းကို ဖြေဆိုပေးမသွားခဲ့ဘဲ ကျေးဇူးတင်ပါတယ်လို့ သာ ပြောသွားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်ကတော့ နိုဝင်ဘာ ၁၅ ရက် မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly