ဝေဒနာခံစားနေရသော ကလေးငယ်အား သရုပ်ဆောင်နေတိုးက သွားရောက်တွေ့ဆုံ

ဝေဒနာခံစားနေရသော ကလေးငယ်အား သရုပ်ဆောင်နေတိုးက သွားရောက်တွေ့ဆုံ

 

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ။                   ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ လာရောက်ဆေးကုသနေသည့် အကြောနှင့် ကြွက်သားအားနည်းသည့် ဝေဒနာခံစားနေရသော အသက် ၁၅ နှစ်အရွယ် မောင်ကောင်းထက်နိုင်အား ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ ရန်ကင်းကလေးဆေးရုံသို့ သရုပ်ဆောင်နေတိုးက သွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါကလေးငယ်မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး ဦးထွန်းထွန်းနိုင်၏သားဖြစ်ပြီး အကြောနှင့် ကြွက်သားအားနည်းသည့် ဝေဒနာအတွက် ဆေးကုသရန် နိုင်ငံ တော်အတိုင်ပင်ခံက ရန်ကုန်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူကုသနေခြင်း ဖြစ်သည်။

“ ဒီကလေးကို လာရောက်တွေ့ဆုံတဲ့ အချိန်မှာ ကျွန်တော်အနေနဲ့ ကိုယ့်ရဲ့ပရိသတ်တစ်ယောက်ကို လာတွေ့ တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ကိုယ့်မိသားစုဝင်ထဲက ကလေးတစ်ယောက်ကို လာပြီးတော့မှ ဆေးဝါးကုသမှုခံယူနေတဲ့ အချိန်မှာ အားပေးစကားပြောတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ အခု သူလည်း တော် တော်လေး ပျော်နေတယ်။ သူပျော်နေတယ်ဆိုတော့ ကျွန်တော်အနေနဲ့ လာရောက်တွေ့ဆုံရတာ ကျေနပ်အား ရမှုရှိပါတယ်။ ပီတိဖြစ်ရပါတယ်”ဟု သရုပ်ဆောင်နေတိုးက ပြောသည်။

အဆိုပါကလေးငယ်က သရုပ်ဆောင် နေတိုးအား တွေ့ဆုံလိုသဖြင့် နေတိုးက လာရောက်တွေ့ဆုံကာ အားပေး ခဲ့ခြင်း ဖြစ်သည်။

ယနေ့ လာရောက်စဉ်  နေတိုးက မောင်ကောင်းထက်နိုင်အား လက်ဆောင်ပစ္စည်းများ ပေးခဲ့သည့် အပြင် ၎င်း နှင့်အတူ စကားပြောခြင်း၊ တယ်လီဖုန်းဆဲလ်ဖီရိုက် ခြင်းများ ပြုလုပ်ခဲ့ကာ ရင်းရင်းနှီးနှီး စကားပြော အား ပေးခဲ့သည်။

နိုဝင်ဘာလ ၂ ရက်က ရခိုင်ပြည်နယ်သို့ နိုင်ငံတော်အတိုင်ပင်ခံလာရောက်စဉ် မောင်ကောင်းထက်နိုင်(၁၅ နှစ်) ခံစားနေရသည့် အကြောနှင့် ကြွက်သားအားနည်းသည့် ဝေဒနာကို တွေ့ရှိပြီး ရန်ကင်းကလေးဆေးရုံသို့ နိုင်ငံတော်အတိုင်ပင်ခံက ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly