စိတ်ကျဝေဒနာ ခံစားနေရတဲ့ မိဘတွေကို ဘယ်လိုကူညီပေးမလဲ

စိတ်ကျဝေဒနာ ခံစားနေရတဲ့ မိဘတွေကို ဘယ်လိုကူညီပေးမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

အထီးကျန်ခြင်းနဲု့စိတ်ကျဝေဒနာဟာ လူငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှုာ သက်ရောက်မှုချင်း ကွာခြားပါတယ်။ အသက်ကြီးသူတွေမှာ စိတ်ကျဝေဒနာဟာ ကျန်းမာရေးပြဿနာတွေရှိလာတာ၊ လုပ်ဆောင်နိုင်စွမ်းနည်းလာတာတွေနဲ့အတူ ခံစားလာရတတ်ပြီး လက္ခဏာ တာရှည်တတ်ပါတယ်။

လူကြီးမိဘတွေမှာ စိတ်ဓာတ်ကျခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းတွေလျော့ကျလာစေနိုင်ပြိီး ရှိရင်းစွဲရောဂါတွေကို ပိုဆိုးစေပြီး အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ကို တိုးစေနိုင်တယ်လို့  လေ့လာတွေ့ရှိချက်ကတွေက ဖော်ပြကြပါတယ်။ လူကြီးတွေမှာ စိတ်ဓာတ်ကျခြင်းကို ဂရုတစိုက် မကုသပေးနိုင်ရင် ရုတ်တရက်နှလုံးဖောက်ခြင်းဖြစ်လာရာကနေ အသက်ဆုံးရှုံ့းရတဲ့အထိ  ဖြစ်စေနိုင်ပါတယ်။

မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှ မောင်နှမသားချင်း၊ဇနီး/ခင်ပွန်း ကွယ်လွန်သွားလို့၊ ဒါမှမဟုတ် အလုပ်ကနေအငြိမ်းစားယူ လိုက်ရလို့၊ အိုးအိမ်နေရာပြောင်းရွှေ့လိုက်ရလို့ စသည်ဖြင့် လူမှုဘဝမှာဆုံးရှုံးမှုတွေကြံုလာရပါတယ်။  ဒီလိုအပြောင်းအလဲတွေရယ်၊ အသက်ကြီးသူတွေက အရာရာနှေးကွေးကျဆင်းလာတယ်ဆိုတဲ့အချက်ရယ်ကြောင့် သူတို့မှာဖြစ်လာတဲ့ စိတ်ကျဝေဒနာလက္ခဏာတွေကို ဘေးလူတွေက သတိမထားမိလိုက်ဘဲ ရှိတတ်ပါတယ်။

ကိုယ်ချစ်ခင်ရတဲ့မိဘတွေမှာ စိတ်ကျရောဂါလက္ခဏာတွေရှိမရှိ စောစောသိထားမှသာလျှင် ရေရှည်မခံစားရမီ ထိန်းသိမ်းကူညီနိုင်မှာပါ။တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ –

  • ပုံမှန်မဟုတ်ဘဲ မောပန်းအားကုန်ခြင်း
  • ကြိုက်နှစ်သက်လေ့ရှိတဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း
  • လူမှုရေးကိစ္စတွေကို ရှောင်ဖယ်နေခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အိပ်စက်ပုံအမူအကျင့်တွေပြောင်းလဲလာခြင်း (ပိုအိပ်လာတာ သို့မဟုတ် အိပ်မရတော့တာ)
  • လူပိုတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်လာခြင်း
  • အဆုံးစီရင်မယ့်အတွေးတွေ၊ ကြိုးပမ်းတာတွေရှိလာခြင်း

စိတ်ဓာတ်ကျလာစေတဲ့အကြောင်းရင်းတွေကဘာလဲ

  • ရှိနှင့်ပြီးသား စိတ်ကျဝေဒနာ – သင့်မိဘက သူ့ရဲ့ဘဝမှာ ထောင့်ပေါင်းစုံကစိတ်ဓာတ်ကျစရာတွေကြံုလာခဲ့ရဖူးသူဖြစ်ရင် သူအသက်ကြီးရင့်လာတဲ့အခါ ရောဂါဟောင်းပြန်ပေါ်တတ်ပါတယ်။ နဂိုတည်းက ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့အဆိုးမြင်စိတ်ကို ပြုပြင်နိုင်စွမ်း အားနည်းလို့ စိတ်ကျဝေဒနာကို မကုသနိုင်ခဲ့တဲ့သူတွေဟာ အသက်ကြီးရင့်လာချိန်မှာ စိတ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ပိုခက်ခဲ နိူင်ပါတယ်။
  • ရှိနှင့်ပြီးသား စိုးရိမ်ပူပန်စိတ် – ပူပင်သောကများတဲ့ အတိတ်ရှိခဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ ပိုကြောက်တတ်လာပါတယ်။ နောက်ဆုံးတော့ စိုးရိမ်စိတ်ကြောင့် ဟိုကြောက်ဒီကြောက်နဲ့ တစ်ဦးတည်းသီးခြားဖြစ်ပြီးအထီးကျန်လာရပါတယ်။ လူကြီးမိဘတွေ အိမ်တွင်းအောင်းနေတာများလာပြီး မိတ်ဆွေတွေ၊ သာရေးနာရေးကိစ္စတွေကို ရှောင်နေပြီဆိုရင် သတိထားပါ။ စိတ်ကျဝေဒနာ ဖြစ်လာနိုင်ပါတယ်။
  • ကုန်ဆုံးခဲ့တဲ့ဘဝကို ပြန်သုံးသပ်ဆင်ခြင်ဖို့ အခက်အခဲရှိနေခြင်း – ကျန်းမာပျော်ရွှင်စွာအသက်ကြီးခြင်းရဲ့လျှို့ဝှက်ချက်က ကိုုယ့်ဘဝကိုယ်ပြန်လည်သုံးသပ်ဖို့၊ အကောင်းမြင်စိတ်နဲ့ဂုဏ်ယူဖို့ ၊ခွင့်လွှတ်စိတ်မွေးဖို့၊ တခြားသူတွေအပေါ် အာဃာတမထားတော့ဖို့ ဖြစ်ပါတယ်။ တချို့မှာတော့ ကိုယ့်ဘဝကို ပြန်လည်သုံးသပ်ဖို့ အခက်အခဲရှိနေတတ်ပါတယ်။ ဥပမာ- မွေးချင်းညီအစ်ကိုမောင်နှ်မ တစ်ဦးဦးအပေါ် မကျေနပ်မှုကမပြီးမစီးနိုင်သေးဘဲ၊ ဒေါသဖြစ်နေဆဲ၊ အာဃာတဆက်ထားနေဆဲ ခံစားနေရနိုင်ပါတယ်။ မပြီးမစီးနိူင်တဲ့ ဒီစိတ်ကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်ဖြစ်စေကာ ပျော်ရွှင်နိုင်စွမ်းနဲ့ အေးချမ်းနိုင်စွမ်းတို့မှာ အတားအဆီးဖြစ်စေ ပါတယ်။
  • အသိမိတ်ဆွေတွေနဲ့မိသားစုဝင်တွေဆုံးပါးသွားခြင်း –  ရွယ်တူတန်းတူမိတ်ဆွေသူငယ်ချင်းတွေ တစ်ဦးပြီးတစ်ဦး ဆုံးပါးသွားကြတာနဲ့ပဲ ဝမ်းနည်းအားငယ်စိတ်နဲ့ လောကကြိီးကနေပျော်စရာမကောင်းတော့ဘူးလို့ တွေးမြင်လာတတ်ပါတယ်။ ဇနီး သို့မဟုတ် ခင်ပွန်းဆုံးရှုံးရခြင်းကလည်း ကြီးမားတဲ့ စိတ်ဒဏ်ရာဖြစ်ပြီး သူမရှိရင် ဘယ်လိုနေပါ့မလဲအတွေးနဲ့တင် စိတ်ဓာတ်ကျလာစေပါတယ်။
  • စွမ်းဆောင်ရည်ကျဆင်းခြင်း – ကိုယ်အရင်ကလုပ်ခဲ့ဖူးတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်စွမ်းမရှိတော့ဘူးလို့ သိလာတဲ့အခါ စိတ်ရှုပ်လာပြီး ကြောက်စိတ်ဝင်လာပါတယ်။ ဘဝကအချိန်ကုန်ဖို့ နီးနီးလေးကျန်တော့တယ်ဆိုတဲ့ အတွေးကလည်း နှိပ်စက်လာပါတယ်။ အတေ်ာများများက သူများအကူအညီယူနေတာထက် လွတ်လပ်စွာနေထိုင်ဖို့ဘက် ရွေးချယ်သွားကြပေမယ့် တချို့မျာတော့ စွမ်းဆောင်ရည်ကျဆင်းမှုကနေ အထီးကျန်ဖြစ်လာပြီး အသုံးမကျတော့သလိုလို စိတ်ဓာတ်ကျလာတတ်ပါတယ်။

ဒါတွေအပြင် ရောဂါဝေဒနာတွေခံစားနေရတဲ့ လူကြီးမိဘတွေမှာလည်း ကျန်းမာရေးကြောင့် စိတ်ပျက်အားငယ်ကာ အထီးကျန်စိတ် ခံစားလာလေ့ရှိတာကြောင့် လက္ခဏာတွေကို ဂရုစိုက်လေ့လာပြီးအားပေးကူညီသင့်ပါတယ်။

စိတ်ဓာတ်ကျနေတဲ့ ကိုယ့်မိဘကို ဘယ်လိုကူညီအားပေးမလဲ

  • မိဘတွေရဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားပါ။ လိုက်ချုပ်ချယ်ဖို့မကြိုးစားပါနဲ့။
  • စိတ်ကျရောဂါအကြောင်းကို လေ့လာပါ။ ကိုယ့်မိဘတွေ ပိန်သွားတာ၊ ညအိပ်မပျော်တာ၊ မျှော်လင့်ချက်မဲ့သလိုဖြစ်နေတာ၊ အပြုအမုူတွေပြောင်းလဲလာတာ၊ အချိန်တိုင်းလိုလိုအားနည်းနွမ်းလျနေတာတွေဟာ စိတ်ကျဝေဒနာလက္ခဏာတွေ ဆိုတာသတိထားမိလာပါလိမ့်မယ်။
  • စကားပြောပေးပါ။ မိဘတွေနဲ့စကားစမြည်ပြောကြတဲ့အခါ စိတ်ကျရောဂါအကြောင်းထည့်မပြောဖို့တော့သတိပြုပါ။ စိတ်ပူတဲ့၊ ဂရုစိုက်တဲ့အကြောင်းကစပြောပြီး သူတို့က ဘယ်လောက်အရေးပါကြောင်း၊ ပျော်ရွှင်နေတာမြင်လိုကြောင်းပြောပြပါ။ ဘာတွေခံစား နေရသလဲ၊ သူတို့ရဲ့အပြောင်းအလဲတွေအကြောင်း မေးကြည့်ပါ။ နေလို့မပျော်တော့တဲ့အကြောင်း ပြောလာခဲ့ရင်တော့ ကျွမ်းကျင်သူ တွေနဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူပါ။
  • မိဘတွေနဲ့ အချိန်ကုန်ဆုံးပေးပါ။ မိဘတွေက ပေါ်ပေါ်တင်တင် မဖော်ပြခဲ့ရင်တောင် သင့်ကိုသိပ်ချစ်ကြမှာပါ။ ကိုယ်ကလည်း မိဘတွေကိုချစ်တဲ့အကြောင်းပြသပေးပြိီး အတူအချိန်ကုန်ဆုံးပေးပါ။ ဟင်းအတူချက်တာမျိုး၊ ဖဲချပ်ကစားတာမျိုး၊ တီဗီကြည့်ရင်း အတူစားသောက်ကြတာမျိုး၊ အတူလမ်းထွက်လျှောက်တာမျိုး ပျော်စရာကောင်းတာတွေ ဖန်တီးနို်င်ပါတယ်။
  • မိဘတွေကို အပြင်ခေါ်သွားပါ။ သဘာဝတရား၊ နေရောင်ခြည်နဲ့ လေကောင်းလေသန့်တို့က သူတို့ကို စိတ်ပေါ့ပါး အပန်းပြေစေပြီး လမ်းလျျောက်ထွက်ခြင်းကလည်း စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။
  • မိဘတွေကို ချစ်ခင်ကြောင်းပြပေးပါ။ တခါတရံမှာ စိတ်ဓာတ်ကျနေသူတွေဟာ သူတို့ကိုဘယ်သူမှမချစ်တော့၊ မလိုချင်တော့ဘူးလို့ တွေးထင်လာတတ်ကြတာကြောင့် အပြုသဘောအတွေးတွေ မွေးမြူပေးလိုက်ပါ။ မိဘတွေကို တရင်းတနှီးပွေ့ဖက်ပြီး ဖက်လှဲတကင်းနေပေးပါ။ အချစ်မခံရရင် အထီးကျန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်း ပိုဆိုးရွားလာနိုင်ပါတယ်။ အပြည့်အဝဂရုစိုက် ချစ်ခင်ခြင်းခံရတဲ့ လူကြီးမိဘတွေဟာ ပိုပျော်ရွှင်ပြီး ပိုကျန်းမာကြပါတယ်။
  • စိတ်ကျဝေဒနာခံစားနေရတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်တော့သလို လုပ်နေကျ အလုပ်တွေကိုလည်း စိတ်ကုန်နေတတ်ပါတယ်။ ကိုယ့်မိဘ လုပ်နေကျအလုပ်တွေကို ကူလုပ်ပေးဖို့ကြိုးစားပါ။
  • နောက်ဆုံးအချက်ကတော့ သူတို့ကိုယ်တိုင်လုပ်လို့ရနေတဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပဲလုပ်ပါစေ။ – ဥပမာ- အကျႌလဲတာ၊ရေချိုးတာ၊ သနပ်ခါးလူးတာ၊ လိုမျိုူး အသေးအဖွဲလေးတွေမှာ ဝင်မလုပ်ပေးပါနဲ့။ ဝင်လုပ်ပေးတာက အကူအညီဖြစ်စေတယ်ဆိုပေမယ့် သူတို့မှာ ဘာမှလုပ်နိုင်စွမ်းမရှိတော့ပါဘူးလို့ အတွေးဝင်လာနိုင်ပါတယ်။
  • စိတ်ပျော်ရွှင်ရခြင်းနဲ့ သားသမီးတွေရဲ့ချစ်ခင်ဂရုစိုက်ခံရခြင်းက အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တာကြောင့် မိဘတွေကို စိတ်ဖိစီးမှု မရှိအောင် ကြိုးစားထားရှိပေးရုံနဲ့ ဝေဒနာလျော့ပါးစေမှာသေချာပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly