စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာဟာ အနိုင်ကျင့်ခံရတဲ့ သူရဲ့ စိတ်ထဲမှာ အမာရွတ်တသက်လုံး ထင်ကျန်ရစ်ခဲ့စေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေတဲ့အတွက် ဒါဟာ အင်မတန်ဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ဒါဖြင့် ဒီကိစ္စကို ဘယ်လို ရင်ဆိုင်မလဲ။

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။

အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • နာမည်ဖျက်ပြီး ပြောင်ခေါ်ခြင်း၊သရော်ခြင်း၊လှောင်ခြင်း။
  • စကားလုံးတွေနဲ့ သင့်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်း၊စိတ်ညစ်၊စိတ်ဆင်းရဲအောင် လုပ်ခြင်း။
  • ခြိမ်းခြောက်ခြင်း။
  • သင့်ကို စိတ်အားငယ်အောင်၊ ကူတွယ်ရာမဲ့ဖြစ်အောင်၊သိမ်ငယ်အောင် လုပ်ခြင်း။
  • အဖွဲ့ထဲကနေ ကျဉ်ထားခြင်း၊ အပေါင်းအသင်းမလုပ်ခြင်း။
  • အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်ခြင်း။
  • အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း။
  • အရှက်ခွဲခြင်း။ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲ။ ဒါဟာသင့်အပြစ်မဟုတ်ဘူးဆိုတာ နားလည်ပါ။

ဒီလိုအနိုင်ကျင့်ခံရတာဟာ အနိုင်ကျင့်သူတွေရဲ့ အပြစ်မဟုတ်ဘဲ သင့်အပြစ်သာဖြစ်တယ်၊သင့်မှာသာ တာဝန်ရှိတယ်လို့

သင်ခံစားလာရအောင် သူတို့တွေက ပြောပါလိမ့်မယ်၊လုပ်ပါလိမ့်မယ်။ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အနိုင်ကျင့်စော်ကားတဲ့ သူတွေရဲ့ ့အပြစ်သာ ဖြစ်ပါတယ်။တကယ်လို့ ဒီလိုအနိုင်ကျင့်ခံရတာဟာ သင်ခံစားနေရတဲ့ စိတ်ဝေဒနာတခုခု၊စိတ်ခံစားမှု အခြေအနေတခုခု၊သင့်ရဲ့ အတိတ်က မကောင်းတဲ့ အကြောင်းခြင်းရာ တခုခုကြောင့်ဆိုရင်တောင်မှ သူတို့အနေနဲ့ ဒီလိုလုပ်စရာ ၊သင့်အပေါ်ရန်လိုစရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ အမြဲသတိချပ်ပါ။

အကူအညီ ရှာဖွေပါ။

 သင့်အနေနဲ့ အနိုင်ကျင့်ခံနေရတယ်ဆိုရင် ရင်ဖွင့်လို့ရမယ့်သူကို ရှာဖွေသင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ကူညီနိုင်တဲ့၊ကူညီမယ့်သူတွေ အများကြီးရှိပါတယ်။သင် ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းကို ရင်ဖွင့်ပြလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်တာမှန်ပေမယ့် အနည်းဆုံးတော့ သင့်ဖက်မှာ သူတို့ရှိနေမယ်၊ သင့်စိတ်ခံစားချက်တွေကို မျှဝေခံစားပေးနိုင်မယ် ဒါမှမဟုတ် သင့်ကို နည်းလမ်းတွေ၊အကြံဉာဏ်တွေ ပေးနိုင်ပါလိမ့်မယ်။ဒါမှမဟုတ် သင့်မိသားစုဝင်တယောက်ယောက်ကို ပြောပြမယ်ဆိုရင်လည်း သူတို့အနေနဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်ကောင်းပေးနိုင်မှာဖြစ်ပြီး အနည်းဆုံးတော့ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေ

သင်ကြားပေးမှာ ဖြစ်ပါတယ်။ဒီလို လုပ်လို့လည်း မဖြစ်နိုင်ဖူးဆိုရင် သင်တိုင်ပင် မေးမြန်းဖို့ ဆရာဆရာမတွေ၊ကျောင်းတာဝန်ရှိသူတွေ ရှိနေပါသေးတယ်ဆိုတာ မမေ့ပါနဲ့။သင့်အနေနဲ့ အထက်မှာ ဖော်ပြခဲ့သလို လူတယောက်ယောက်နဲ့ မျက်နှာချင်းဆိုင်ပြောဆိုရမှာ အခက်တွေ့နေတယ်၊အဆင်မပြေဘူးဆိုရင်လည်း မပူပါနဲ့။အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ အခမဲ့ ကူညီပေးနေသူတွေနဲ့ ဆက်သွယ်အကြံဉာဏ်တောင်းခံလို့ ရပါသေးတယ်။သင့်ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဖူး၊သင့်အသက်ဟာ ဘယ်သူအတွက်မှ တန်ဖိုးမရှိ၊အရေးမပါဘူးဆိုတဲ့ မဟုတ်တမ်းတရား အတွေးတွေ သင့်စိတ်ထဲ ဝင်မလာပါစေနဲ့။သူငယ်ချင်း၊မိသားစု၊ဆရာဆရာမတွေ၊ကျောင်းတာဝန်ရှိသူ အတိုင်ပင်ခံတွေ ဒါမှမဟုတ် သင်နဲ့ ဘဝတူတွေ စသဖြင့် သင့်ကို ဂရုစိုက်မယ့်သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေပါတယ်။အကူအညီဟာလည်း လက်တကမ်းမှာ အမြဲတမ်းရှိနေတတ်ပါတယ်။ရအောင် ယူတတ်ဖို့ပဲ လိုတာပါ။

ဖြစ်နိုင်ရင် လက်ရှိအခြေအနေက ချက်ချင်းရုန်းထွက်ပါ။

 ဒီအဆင့်ဟာ သင့်ဘဝရဲ့ အချိုးအကွေ့တခု ဖြစ်သွားနိုင်တာမို့ အတော်တော့ ကြောက်ဖို့ကောင်းပြီး သင့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာ အရပါ နာကျင်မှုတွေကို ခံစားရပါလိမ့်မယ်။ဒါပေမယ့် လူတွေ သိအောင်လုပ်ပြီး အကူအညီ တောင်းခံပါ။ဘာလို့လဲ ဆိုတော့ ဒီလိုမျိုး အနိုင်ကျင့်ခံ၊စော်ကားခံနေရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ ဒီတနည်းပဲ ရှိလို့ ဖြစ်ပါတယ်။ကျောင်းတာဝန်ရှိသူ(အတိုင်ပင်ခံ)ကို အသိပေးပါ ဒါမှမဟုတ် ကျောင်းအုပ်နဲ့ သင်ကိုယ်တိုင်သွားတွေ့နိုင်ပါတယ်။

အနိုင်ကျင့်ခံနေရတဲ့ အခြေအနေက လွတ်မြောက်ပြီဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူပါ။

လူအတော်များများ သတိမပြုမိကြပေမယ့် အနိုင်ကျင့်ခံရတာဟာ တသက်တာဖူလုံတဲ့ စိတ်ဒဏ်ရာ ကျန်ရစ်ခဲ့တတ်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင် (တတ်နိုင်ရင်) စိတ်ပိုင်းဆိုင်ရာကုသမှုခံယူပါ။

တကယ်လို့ သင်ဟာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရပြီဆိုရင် မကြောက်ပါနဲ့။ရဲရဲကြီး ရင်ဆိုင်ပြီး အကူအညီ ရှာဖွေတောင်းခံပါ။ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမယ်၊သင့်အနေနဲ့လည်းပိုမိုနာကျင်ခံစားရမယ်ဆိုရင် အဆိုပါ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေကနေ အမြန်ရုန်းထွက်ပါ။ နာကျင်မှုတွေကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးသာ လွတ်မြောက်ဖို့ ကြံဆောင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly