ပထမအကျော့ရလဒ်တွေအရ ဆွစ်ဇာလန်နှင့်ခရိုအေးရှားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

ပထမအကျော့ရလဒ်တွေအရ ဆွစ်ဇာလန်နှင့်ခရိုအေးရှားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

 

နိုဝင်ဘာ ၁၃ ။             ။ ယမန်နေ့ညက ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play Off ပွဲစဉ်များတွင် ဆွစ်ဇာလန်နှင့်မြောက်အိုင်ယာလန်၊ ဂရိနှင့် ခရိုအေးရှားတို့ပွဲစဉ်များမှာ ဂိုးမရှိသရေ ရလဒ်များဖြင့်ပြီးဆုံးခဲ့ရသည်။

ထို့ကြောင့် ပထမအကျော့က မြောက်အိုင်ယာလန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရထားသော ဆွစ်ဇာလန်နှင့် ဂရိကို ၄-၁ ဂိုးဖြင့် အနိုင်ရထားသော ခရိုအေးရှားတို့မှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိသွားကြသည်။

ဆွစ်ဇာလန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၁ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ခရိုအေးရှားမှာ ၅ ကြိမ်မြောက် ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ အိမ်ရှင်ရုရှအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသည့်အသင်းပေါင်းမှာ ၂၈ သင်းရှိလာပြီ ဖြစ်သည်။

အီတလီနှင့်ဆွီဒင်၊ အိုင်ယာလန်နှင့်ဒိန်းမတ်၊ သြစတြေးလျနှင့်ဟွန်ဒူးရပ်စ်၊ ပီရူးနှင့်နယူးဇီလန်တို့၏ Play Off ဒုတိယအကျော့ပွဲစဉ်များကျန်ရှိနေသေးပြီး နောက်ဆုံးလေးနေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

နာမည်ကြီးအီတလီအသင်းမှာ ဆွီဒင်ကို ပထမအကျော့က အဝေးကွင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် ဒုတိယအကျော့အိမ်ကွင်းတွင် ရုန်းကန်ရတော့မည် ဖြစ်သည်။ အီတလီနှင့်ဆွီဒင်တို့၏ပွဲကို ယနေ့ညတွင် ကစားမည် ဖြစ်သည်။ အီတလီအသင်းခြေစစ်ပွဲမအောင်ခဲ့ပါက နှစ်ပေါင်း ၆၀ တွင် ပထမဆုံးအကြိမ် ခြေစစ်ပွဲကျရှုံးခြင်း ဖြစ်လာမည် ဖြစ်သည်။

ရည်ညွှန်း ဖီဖာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly