အမတ်ထူးများ ဖြစ်ကြစေသော်

အမတ်ထူးများ ဖြစ်ကြစေသော်

လတ်တလောတွင် မြန်မာနိုင်ငံ၌ ရေဘေးသင့်သူ သန်းချီရှိနေပြီး မိုးလေဝသပညာရှင် ဦးထွန်း လွင်၏ ခန့်မှန်းချက်အရ မုန်တိုင်းများ ဝင်ရောက်နိုင်ခြေ ရှိနေသေးချိန် တွင်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ရွေးကောက်ပွဲ အချိန်ဇယားကို မရွှေ့ဘဲ လာမည့် နိုဝင်ဘာ ၈ (တနင်္ဂနွေ) တွင်ပင် မဖြစ်မနေ ကျင်းပမည့်ပုံ ရှိသည်။

လတ်တလောတွင် ဆိုးရွားစွာ ရေဘေးသင့်နေသူများသည် ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘဲ ရေဘေးမတိုင်မီက ၎င်းတို့၏ မူလအခြေအနေ သို့ပြန်လည်ရောက်ရှိရေး အတွက်ပြန်လည် ထူထောင်ရေး ကိုသာ စိတ်အားသန်နေကြသည်။

တစ်ဘက်တွင်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက် သြဂုတ် ၁၄ မှာလည်းကျော်လွန် လာပြီဖြစ်ရာ ကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီပေါင်း ၉၀ နှင့် တစ်သီးပုဂ္ဂလ စသည်ဖြင့် ပြည်သူ့ကိုယ်စားလှယ်လောင်းပေါင်း ခြောက်ထောင်ကျော်က ရွေးကောက်ပွဲ စံချိန်ကျိုး ဝင်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

ပြည်သူ့ကိုယ်စားလှယ်လောင်း စုစုပေါင်း၏ သုံးပုံတစ်ပုံကျော်မှာ အဓိက အင်အားကြီး နိုင်ငံ ရေးပါတီကြီးနှစ်ခုဖြစ်သော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) နှင့် အတိုက်အခံ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) တို့မှ ဖြစ်သည်။ အဓိက ပါတီကြီး နှစ်ခုသည် တစ်ပါတီလျှင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်စီဖြင့် မဲဆန္ဒနယ်ပြည့်လုနီးပါး ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နှစ်ကောင်ပြေး မြင်းပြိုင်ပွဲဟု တင်စားနိုင်ပြီး ကျန်ပါတီများမှာ ရွေးကောက်ပွဲအပြီးမှသာ အရေးပါသည့် တွဲဖက်(ဝါ) မဟာမိတ် ပါတီ များ ဖြစ်လာဖွယ်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သြဂုတ် ၁၆ ထုတ်ပြန်ကြေညာချက်အရ ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် လောင်း ၉၁၃ ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး (တိုင်းရင်းသားရေးရာဝန်ကြီး၊ သို့မဟုတ် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး အပါအဝင်) စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဤတွင် သင်္ချာတွက်နည်းဖြင့် ပြည်သူ့ ကိုယ်စားလှယ်လောင်းနိုင်ခြေကို မှန်းဆလျှင် ကိုယ်စား လှယ်လောင်းတစ်ဦးသည် နိုင်ခြေ ၂၀ ရာခိုင်နှုန်း ရှိနေသဖြင့် ရွေးကောက်ပွဲဝင်သည့် ကိုယ်စားလှယ် လောင်း ငါးဦးလျှင် တစ်ဦးသည် လွှတ်တော်တွင်းသို့ မလွဲမသွေ ရောက်ရှိလာတော့မည် ဖြစ်သည်။ ခြွင်းချက်မှာမူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုထောက်ခံမှုရေချိန် မြင့်မားသော ကိုယ်စား လှယ်လောင်း များသည် မလွဲမသွေ ရွေးကောက် တင်မြှောက်ခြင်း ခံရပါလိမ့်မည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၇ နောက်ဆုံးထားပြီး ပြည်သူ့ကိုယ်စား လှယ်လောင်းများ၏ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးပြီးပါက အနုတ် အသိမ်း ရာခိုင်နှုန်းတစ်ခု ရှိလာနိုင်သော်လည်း ကိုယ်စားလှယ်လောင်း တစ်ဦး၏ ငါးဦး တစ်ဦး နိုင်ခြေမှာ ပြောင်းလဲဖွယ် မမြင်ရပါ။ သို့ဖြစ်ရာ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်အရပ်ရပ်သို့ အဆင်းရော အချင်းပါ ပြည့်ဝသည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ဝင်ရောက်စေချင်ပါသည်။ ပါတီနောက်ခံ သို့မဟုတ် မိမိ၏ ဂုဏ်၊ ဓန၊ ပညာအင်အားသည် အဆင်းဖြစ်ပါက တိုင်းပြည်နှင့် ပြည်သူ့ အတွက် အလုပ်လုပ်မည့်စိတ်ထားသည် အချင်းဖြစ်လာပေလိမ့်မည်။

နိုင်ငံနှင့်အဝှမ်း လတ်တလော ကျရောက်နေသော ရေဘေးနှင့် နိုင်ငံရေးအလှုပ်အရမ်းများ၊ ကျရောက်လာပေဦးမည့် သဘာဝမိုး သက်မုန်တိုင်းများနှင့်နိုင်ငံရေးလေမုန်တိုင်း များကြားတွင်မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ မနစ်မွန်းရေးကို မဇ္ဈိမသည် အလိုရှိသည်။ အထူးအားဖြင့် ဥပဒေပြုရေး မဏ္ဍိုင်တွင် တိုင်းပြည်နှင့် လူထုအကျိုးရည် စွမ်းဆောင်ကြမည့် နိုင်ခြေအချိုး ငါးဦးတစ်ဦး ရှိနေသည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် လွှတ်တော်တွင်း ရောက် ရှိနိုင်ပါမည့် အကြောင်းနှင့် အာဏာနှင့် လုပ်ပိုင်ခွင့် မရူးသည့် အမတ်ထူးများ ဖြစ်ကြပါစေကြောင်း မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags