နိုင်ငံစီးပွားရေး အလျင်အမြန်တိုးတက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံစီးပွားရေး အလျင်အမြန်တိုးတက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ။                   ။ မြန်မာနိုင်ငံ၌ ကဏ္ဍတိုင်းကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးမှာ အလျင်အမြန် တိုးတက်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က   ပြောဆိုလိုက်သည်။

ယမန်နေ့ နို၀င်ဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး(ABIS) ၌ မိန့်ခွန်း ပြောဆိုရာတွင်   ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းကြောင့် သိသာထင်ရှားသည့်   ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့နိုင်သည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းအပြင် တိုင်းပြည်စီးပွားရေး ဖွ့ံဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍက အထောက်အကူပြုနေပြီး အခြေခံအဆောက်အဦ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍက အရေးပါသည့် အခန်းကဏ္ဍတွင်ပါ၀င်နေကြောင်း ၄င်းက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ ဗျူရိုကရက်ကြိုးနီစနစ်လျော့ချရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ကြီးပွားတိုးတက်လာနိုင်မည့် စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း လက်ရှိအချိန်ဟာ ကမ္ဘာစီးပွားရေး နှေးကွေးလာချိန်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်ဟုလည်း ၄င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly