တိုင်းပြည်အနေနဲ့ မကြံုစဖူး စည်းလုံးညီညွတ်မှု ရရှိနေသည်ဟု သမ္မတဆို

တိုင်းပြည်အနေနဲ့ မကြံုစဖူး စည်းလုံးညီညွတ်မှု ရရှိနေသည်ဟု သမ္မတဆို

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ။                ။ မြန်မာနိုင်ငံအနေဖြင့် အစိုးရ ၊ ပြည်သူ၊ တပ်မတော် ၊ လွှတ်တော် ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား မကြံုစဖူး စည်းလုံးညီညွတ်မှုနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လမ်ကြောင်းမှန်ပေါ် ရောက်ရှိနေသည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် ၉၇ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတော်သမ္မတမှ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

"ယခုအချိန်အခါတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှု စွမ်းအားကို အမြင့်ဆုံးမြှင့်တင် ရတော့မည့်အချိန် ဖြစ်ပါသည်" ဟု သမ္မတ၏ သဝဏ်တွင် ရေးသားဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနေပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားပြည်သူတရပ်လုံးက အမျိုးသားစည်းလုံးညီညွတ်မှုအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ရန် သမ္မတက သူ့၏ သဝဏ်လွှာတွင် တိုက်တွန်းခဲ့သည်။

ဗြိတိသျှ ကိုလိုနီအစိုးရ၏ ကျွန်ပညာရေးစနစ်ကို ကန့်ကွက်ဆန့်ကျင်ခဲ့သည့် အနေဖြင့် ပထမဆုံးကျောင်းသားသပိတ် စတင်ခဲ့သည့် ၁၉၂၀ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly